ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၆

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။  

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ဖြစ်ပွားသည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဗဟိုအဆင့်ဖွဲ့စည်း၍ အစည်းအဝေးများ ကျင်းပ ပြုလုပ်ပြီး ဖိဖိစီးစီး ထိထိမိမိဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အတိုင်းအတာ တစ်ခုအထိ ကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ များစွာရှိနေသေးကြောင်း၊ စက်တင်ဘာ ၅ ရက်အထိ ကမ္ဘာပေါ်တွင် ကိုဗစ် -၁၉ ကူးစက်သူ ၂၂၁ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၆ သန်းခန့်ရှိကြောင်း၊ ကူးစက်မှုအများဆုံးမှာ အမေရိကန် နိုင်ငံဖြစ်ပြီး သန်း ၄၀ ကျော်ခန့်ရှိကာ ဒုတိယအများဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၃၃ သန်းခန့်ရှိကြောင်း၊ အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှား နိုင်ငံသည် ကူးစက်မှု ၄ သန်းကျော်ရှိပြီး သေဆုံးသူ ၁၃၆၀၀၀ ကျော်ခန့်သေဆုံးမှု ရှိသဖြင့် ပထမအများဆုံး ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်သူ ၂ သန်းကျော်နှင့် သေဆုံးသူ ၃၄၀၀၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံ နိုင်ငံများတွင် ဆဋ္ဌမအများဆုံးဖြစ်ပြီး ကူးစက်သူ ၃ ဒသမ ၇ သန်းကျော်နှင့် သေဆုံးသူ ၁၅၈၀၀ ခန့်သေဆုံးသည်ကိုတွေ့ရှိရကြောင်း။

 

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ထိထိမိမိကိုင်တွယ်၍ ဩဂုတ်လကုန်အတွင်း ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်ခန့်အထိ ကျဆင်းစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက်တွင် ၂၁၃၅၂ ဦးအား စစ်ဆေးခဲ့ရာ ၇၀၈၃ ဦး တွေ့ရှိခဲ့သဖြင့် စစ်ဆေးသူ၏ ၃၃ ရာ ခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်တွင် ၁၇၂၃၅ ဦးအား စစ်ဆေးခဲ့ရာ ၆၇၀၁ ဦးတွေ့ရှိခဲ့သဖြင့် တွေ့ရှိမှုရာခိုင်နှုန်း ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အချို့ရက်များတွင်လည်း ၄၀ ရာခိုင်နှုန်းကျော်သည်များ ရှိခဲ့ကြောင်း၊ ထိုသို့ရောဂါကူးစက်မှုနှုန်း မြင့်တက်မှုများအား ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုအဖွဲ့အနေဖြင့် ပြည်သူများ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ပြည်ပမှ ကာကွယ်ဆေးများဝယ်ယူရရှိနိုင်ရေး၊ ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာဖြင့် တစ်နိုင်ငံလုံးဖြန့်ကျက်နိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကလည်း နိုင်ငံတော်အစိုးရကဆောင်ရွက်သည့် လုပ်ငန်းရပ်များအောင်မြင်စေရန် အတွက်  ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များ လိုက်နာစေရန် ဆောင်ရွက်မှုများနှင့် ပြည်သူများက လိုက်နာပူးပေါင်း ဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း။

 

ယခုစက်တင်ဘာလဆန်း၌ ပျမ်းမျှပိုးတွေ့နှုန်းသည် ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း သာရှိသဖြင့် ကူးစက်မှုနှုန်းများ များစွာကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း၊ သို့သော် အချို့ပြည်နယ်နှင့်တိုင်းများတွင် ကူးစက်မှုနှုန်း များပြားနေသေးသည်ကို တွေ့ရှိနေရသေးကြောင်း၊ ရောဂါကူးစက်မှုစစ်ဆေးရာတွင် နယ်ပယ်ပေါင်းစုံတွင် စစ်ဆေးနိုင်ရေး ဖြစ်နိုင်သမျှနယ်ပယ်များတွင် စစ်ဆေးခဲ့ရာ တစ်ရက်လျှင် လူဦးရေ ၃ သောင်းကျော်ခန့် အထိ စစ်ဆေးနိုင်ခဲ့ကြောင်း၊ လူတစ်သိန်းတွင် ကူးစက်မှုအား အချိုးချ၍တွက်ချက်ခဲ့ရာ ကယားပြည်နယ်၌ လူတစ်သိန်းတွင် ကူးစက်သူဦးရေ ၁၉၃ ဦးတွေ့ရှိပြီး ကူးစက်မှု နှုန်းအများဆုံး၊ ကချင်ပြည်နယ်၌ လူတစ်သိန်းတွင်ကူးစက်သူဦးရေ  ၉၆ ဦးတွေ့ရှိပြီး ဒုတိယအများဆုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူတစ်သိန်းတွင်ကူး စက်သူဦးရေ ၈၄ ဦးတွေ့ရှိပြီး တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ၈၁ ဦး၊ နေပြည်တော်တွင် ၇၆ ဦး၊ ပဲခူးတိုင်းတွင် ၇၂ ဦး တွေ့ရှိရသဖြင့် ၎င်းတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်ဆေး တွေ့ရှိမှုနှုန်းအရ များပြားနေသေးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း ကိန်းဂဏန်းများအားကြည့်၍ ဆောင်ရွက်ရန် လိုအပ်သည်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့များတွင် စည်းကမ်းလိုက်နာမှုများရှိပြီး နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေသည့်အတွက် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနများ၊ အသံလွှင့်ဌာနများမှ တိုင်းရင်းသားဘာသာများဖြင့်ပါ ပညာပေးမှုများ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း များပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ဆိုင် ရာစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး တိုက်တွန်းဆောင်ရွက်နေရန် လိုကြောင်း၊ ကာလ ကြာမြင့်လာချိန်တွင် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆဖြင့် သွားလာဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊ အချို့ပြည်သူများအနေဖြင့် Mask များတပ်ဆင်မှုမရှိဘဲ သွားလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများတွင် ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းများအား တိကျစွာ လိုက်နာကြသော်လည်း အချို့ဒေသများတွင် ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းများအား လိုက်နာမှုမရှိဘဲ သွားလာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။

 

မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ကိုဗစ် - ၁၉ စည်းကမ်းများနှင့် အညီဖွင့်လှစ်ခွင့် ပေးထားကြောင်း၊ ပြည်ပပို့ကုန်များရှိမှသာ နိုင်ငံအတွက် ဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ အလားတူ စားသောက်ကုန်များ ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း စည်းကမ်းနှင့်အညီဆောင်ရွက်ရေး ခွင့်ပြုပေးထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုများမြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း၊ အချို့နိုင်ငံများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် အလုပ်သမားများ ရှားပါးမှုကြောင့် စားသောက်ကုန်များ ဈေးနှုန်းများ အလွန်မြင့်မားစွာ မြင့်တက်လျက်ရှိသည်ကို သတင်းများတွင် တွေ့ရှိရကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသောက်ကုန်များ ဖူလုံစွာ ထုတ်လုပ်နိုင်ပါက နိုင်ငံအနေဖြင့်များစွာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များနှင့် သောကများ သက်သာရာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများအား လိုက်နာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အထိ ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်အထူး အရေးကြီးကြောင်း၊ လူစုလူဝေးဖြင့် ဆောင်ရွက် ခြင်း ကိစ္စရပ်များကို ခွင့်ပြုမပေးထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ၌ တတိယလှိုင်းစတင်ဖြစ်ပွားချိန်တွင် ပြည်သူများသိရှိစေရေး သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အချို့သော အားနည်းချက်များကြောင့် စိစစ်မှုများအား ပြည့်ဝစွာ မဆောင်ရွက်နိုင်ခဲ့သဖြင့် ကူးစက်မှုနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း။

 

ထို့နောက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ခေါ်ယူနေမှု နှင့်ပတ်သက်၍ ပြောကြားရာတွင် “အိမ်နီးနားချင်းနိုင်ငံတွေက ဝင်လာတာနဲ့ပတ်သက် ပြီး ဆောင်ရွက်ထားတဲ့ အခြေအနေလေး။ ကျွန်တော်တို့ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်မှာ အိမ်နီးနားချင်း တိုင်းပြည်တွေမှာလည်း ကျွန်တော်တို့လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိနေတယ်၊ သူတို့လဲပြန်လာချင်ကြတယ်၊ ပြန်လာချင်ကြတော့ ကျွန်တော်ပြန်ခေါ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးတော့ ပြန်ခေါ်ခိုင်းပါတယ်။ ကိုယ့်လူမျိုးတွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည်အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှအားလုံး။ ကျွန်တော်တို့က၊ အစိုးရဆိုတာ အရိပ်ပါပဲ၊ နိုင်ငံတော်ကိုပေးထားတဲ့အရိပ် တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေ အေးမြတဲ့ဟာကို ခံစားအောင်ဆိုပြီး ကျွန်တော် ဒါလဲ ကျွန်တော်ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်းတာပါ။ ခေါ်လိုက်ပါ သဘောတူပါတယ်။ အရင်က ပိတ်ပါတယ်၊ ခေါ်လို့မရပါဘူး။ ကျွန်တော့်လက်ထက်မှာ အခုအကုန်လုံးကို ပြန်ခေါ်ပါတယ်။ ပြန်ခေါ်တဲ့အခါကျတော့ တရုတ်နိုင်ငံကဆိုရင် ၁၁၃၁၅ ယောက်ပြန်ဝင်ပါတယ်။ ၅ ရက် ၆ လ ကနေစပြီးတော့လက်ခံခဲ့တာ အခု နောက်ဆုံး ကျွန်တော့်ကို တင်ပြတဲ့ Figure အထိပေါ့ ၁၁၃၁၅ ယောက်ဝင်လာတယ်။ အဲ့ဒီထဲမှာတော့ ကိုဗစ်စစ်တဲ့ အခါမှာ မတွေ့ဘူး။ နောက်တစ်ခါ လာအိုနိုင်ငံက ပြန်ဝင်လာတာ ၂၆၈၀ ရှိတယ်။ များသောအားဖြင့်တော့ တာချီလိတ်ပေါ့လေ။ တာချီလိတ်၊ ကျိုင်းတုံ ဘက်ကို ဝင်တဲ့လူတွေဖြစ်ပါတယ်။ ကိုဗစ်စစ်တဲ့အခါကျတော့ ၁၂၃ ယောက်တွေ့တယ်၊ ၈ ဒသမ ၃၂ ရာခိုင်နှုန်း တွေ့ရှိချက်ဖြစ်ပါတယ်။ ထို့အတူပဲ ထိုင်းနိုင်ငံကနေပြီးတော့ ၁၈၅၃၄ ယောက် ပြန်ဝင်ပါတယ်။ ၂၇၁ ယောက်တွေ့တယ်၊ ၁ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့က ဟိုဘက်မှာနေခဲ့လိုရှိရင်၊ ဒီလူတွေရဲ့ဘဝ မျှော်မှန်းချက်က တော်တော့်ကိုမတွေးဝံ့စရာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြီးခဲ့တဲ့ အပတ်က တချို့ဆိုရောက်လာတဲ့အချိန်မှာ၊ မြေကြီးကိုနမ်းတာတို့ လက်အုပ်ချီ ကန်တော့တာတို့၊ ဒီလိုဖြစ်ကြတယ်။

 

ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်း ရင်းသားတော့ ကိုယ့်မြန်မာ ပြည်ထဲရအောင်ပြန်ခေါ်မှာပဲ။ ပြန်လုပ်မှာပဲ။ မလေးရှားမှာလဲ ဒီလိုဖြစ်တာပဲ။ ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်က Relief  Flight နဲ့ ပြန်ခေါ်ဖို့ လုပ်တဲ့အချိန်မှာ စီစဉ်တဲ့တိုင်းရင်းသားတွေမှာပဲ မြန်မာအချင်းချင်း လိမ်သွားတယ်ဗျာ။ လိမ်သွားတော့ ၁၇ ယောက်ကအလိမ်ခံပြီးကျန်ခဲ့ရတယ်။ မလိုက်နိုင်ဘူး။ ကျွန်တော့်ဆီ သတင်းပို့တော့ နိုင်ငံတော်စရိတ်နဲ့ ပြန်ခေါ်ဖို့ပြောခဲ့ပါတယ်။ မနေ့ကစစ်တဲ့အချိန်မှာ ဒီအထဲမှာ ၁၀ ယောက်လောက်လားမသိဘူး ပိုးသွားတွေ့တယ်။ Positive  တွေ့ တယ်။ ကျန်တဲ့သူတွေကကျန်တယ်။ Negative ပေါ့။ အဲ့ဒါနဲ့ ကျွန်တော်၊ အစောဆုံး Flight နဲ့ဆို မနက်ဖြန်ပြန်လာမယ်လို့ပြောတယ်။ ကိုယ့်လူပဲ။ ကျန်တဲ့သူတွေလဲ ဆေးတွေ ရအောင်ကုခိုင်းထားပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေကို ပစ်မထားပါဘူး။ ခုနကပြောတဲ့ကိုဗစ်နဲ့ ပတ်သက်ပြီးတော့။ တခြားကိစ္စနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ၊ အခက်အခဲရှိရင် ဆက်သွယ်။ မြန်မာသံရုံးတွေရှိတယ်။ မဖြစ်ဖြစ်အောင် ရအောင်စီစဉ်ပေးမယ်။ တိုင်းပြည်အတွင်းမှာလာခဲ့ဗျာ၊ ပြဿနာရှာလည်းရှာ ကိစ္စမရှိဘူး။ ကျွန်တော် အဲ့ဒီလောက်ထိတော့ စိတ်ရှည်တယ်ဗျ။ သူတို့အပေါ်မှာ။ တော်တော်လေးသည်းခံတာ။ တိုင်းရင်းသားနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ဒီလိုစိတ်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ရှိတဲ့ကိုယ့်လူမျိုးတွေကလည်း စောစောကပြောတဲ့ သူ့ရဲ့သက်ရှည်ကျန်းမာရေးအတွက် ကျွန်တော်တို့ အစိုးရများက စနစ်တကျကိုင်တွယ်ပြီးတော့မှ ကိုယ့်ရဲ့သားချင်းလို သဘောထားပြီးတော့မှ မျှမျှတတ စီမံဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ စိတ်ရှည်ပေးပါလို့လည်းပြောလိုပါတယ်။ စေတနာထားပြီးလုပ်မယ် ဆိုလို့ရှိရင် ဖြစ်နိုင်ပါတယ်။” ဟု ပြောကြားသည်။

 

ယင်းနောက်‌ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုအချိန်ကာလ ကြာမြင့်လာပြီဖြစ်ကြောင်း၊ အခြားသော နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်သေးကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ အရှိန်ပြင်းပြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ အား ထိထိမိမိဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အဆင့်သို့ရောက်ရှိအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိသွားနေသည့် ဦးတည်ချက်များအတိုင်း အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များအား စနစ်တကျဖြင့် ဆက်လက် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူ များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ရောဂါပိုး စစ်ဆေးမှု၊ တွေ့ရှိမှုနှင့် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမှု၊ စစ်ဆေးမှုပမာဏကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပိုးကူးစက်မှု နှုန်းမြင့်မားနေဆဲဖြစ်သည့်ဒေသများတွင် အထူးမြို့နယ်များသတ်မှတ်၍ ဓာတ်ခွဲ စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေမှု၊ နယ်စပ်ဂိတ် အသီးသီး၌ စနစ်တကျစစ်ဆေး၍ ရောဂါပိုးတွေ့ရှိသူများအား စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများ၊ ထို့သို့ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများကို ပိုမိုတိုးမြှင့်စစ်ဆေးနိုင်ရေး RT-PCR Test စက်များ ဖြန့်ခွဲဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဆေးရုံများအလိုက် ICU အခန်းများ အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရောဂါကုသရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပို့ချပေးနေမှု အခြေအနေများ၊ လက်ရှိအချိန်အထိ ဦးစားပေး သတ်မှတ်ချက်များအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ကာကွယ် ဆေးထိုးနှံမှုအား IDP Camp များ၊ EAOs များအပါအဝင် မသန်စွမ်းသူများ၊ ရောဂါအခံ ရှိသူများကိုပါ ဦးတည်အုပ်စုသတ်မှတ်၍ ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင် ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ထိုးနှံပေးရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများရောက်ရှိမှု၊ ထပ်မံမှာယူထားရှိမှု အခြေ အနေများနှင့် ထပ်မံဝယ်ယူရရှိနိုင်ရေး ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေများ။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်  ဆက်စပ်ပစ္စည်းများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို အာဆီယံအပါအဝင် ဆွေးနွေးဘက်နိုင်ငံ အသီးသီးမှ ပေးပို့လှူဒါန်းရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Relif Flight များ ပြေးဆွဲပျံသန်း၍ နိုင်ငံသားများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ပြေးဆွဲသွားမည့် အခြေအနေများ၊ ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာနှင့် ဆက်စပ်ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခဲ့သည့် အခြေအနေများ၊ ကုန်စည် စီးဆင်းမှု မြန်ဆန် စေရေးအတွက် စီမံဆောင်ရွက်ပေးထားမှုနှင့် ပေါင်းစပ်ဆောင်ရွက် ပေးနေမှု အခြေအနေများ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ်ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေများ။

 

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိကရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေအနေများ၊ ဗီဇပြောင်းမျိုးရိုးဗီဇကွဲ ပိုးတွေ့ရှိမှုနှင့် သတိပြုနိုင်ရေး ထုတ်လွှင့်ပြသလျက်ရှိသည့် အခြေအနေများ၊ ရောဂါပိုး ကူးစက်ခံခဲ့ ရပြီး ပြန်လည်သက်သာလာသူများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်တွေ့ခံစားခဲ့ ရသည့် အဖြစ်အပျက်များကို ကျန်းမာရေးဆိုင်ရာဗဟုသုတရရှိစေရေး အင်တာဗျူး များဖြင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည့် အခြေအနေများ၊ နေအိမ်တွင် နေထိုင်ရေး (Stay at home) ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာ ရရှိရေး၊ စိတ်ဖိစီးမှုများလျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်းတိုများ၊ အင်တာဗျူး အစီအစဉ်များ၊ အငြိမ့်များအပြင် အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိ သည့် အခြေအနေများနှင့် ဆက်လက်စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း ပရိသတ်များမှ တောင်းဆိုသည့် အစီအစဉ်များကို ဦးစားပေး ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားဘာသာအစီအစဉ်မှ ကိုဗစ်ပညာပေးထုတ်လွှင့်မှုနှင့် တိုင်းရင်းသား နယ်မြေမှ ပရိသတ်များ၏ တုံ့ပြန်မှု အခြေအနေများ။

 

နေအိမ်တွင် နေထိုင်ရေး (Stay at home) မြိုနယ် ၁၁၉ မြို့နယ်အပြင် နယ်စပ် ဒေသရှိ မြို့ပေါင်း ၆၆ မြို့ကို Spot Check ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စားရေးအခက်အခဲမရှိစေရန်အတွက် အခြေခံစားကုန်များကို ရွေ့လျားဈေးကားများဖြင့် လှည့်လည်ရောင်းချပေးနေမှုနှင့် အခြေခံ အိမ်သုံးဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော် ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက်ပေးနေမှု အခြေ အနေများ၊ Oxygen Plant များ တည်ဆောက်ပြီးစီးမှု၊ ဆက်လက် တည်ဆောက် နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေများ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပစ္စည်းများ၊ အောက်ဆီဂျင်များ၊ တစ်ခါသုံးဆေးထိုးအပ်နှင့် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိ သည့် အခြေအနေများ၊

 

နိုင်ငံအတွင်း နေ့အလိုက် ရောဂါပိုး စစ်ဆေးမှု၊ ပိုးတွေ့ရှိမှု၊ သေဆုံးမှုဖြစ်စဉ်များအပေါ် သုတေသန ပြုလုပ်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ တိုင်းရင်းဆေးကို ကုသဆေးအဖြစ် အသုံးပြုနိုင်ရေး သုတေသနပြုလုပ် ဆောင်ရွက်လျက်ရှိရာတွင် တွေ့ရှိမှုများနှင့် အောင်မြင်မှု ရရှိနေသည့် အခြေအနေများ၊

 

ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ နယ်စပ်ဂိတ်များမှတဆင့် ပို့ကုန်၊ သွင်းကုန်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး ဂိတ်အချို့အား ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့် အခြေအနေများ၊ အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ရေထွက်ကုန်လုပ်ငန်းမှ တဆင့် ပြည်ပပို့ကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပို့ကုန်၊ သွင်းကုန်များ တင်ပို့ရာတွင် ၎င်းတို့မှတဆင့် ပိုးကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအရှိန်အဟုန် မပြတ်စေရေးအတွက် ရေလုပ်သားများအား ကာကွယ်ဆေး ထိုးနှံပေးရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်က ကိုဗစ် - ၁၉ ရောဂါသည် အတူယှဉ်တွဲနေထိုင်သွားရမည့် သဘောတွင် ရှိသည့်အတွက် ပြည်တွင်းမှ တိုင်းရင်းဆေးဖြင့် ကုသဆေး ထုတ်လုပ်ရန် ဆောင်ရွက်နေမှုများကို စနစ်တကျသုတေသနပြုလုပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးနှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းပါ ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ဂျင်း တို့ဖြင့် စမ်းသပ်သုတေသနပြုလုပ်ရာတွင် ကာကွယ်ဆေးအပြင် ကုသဆေး အတွက်ပါ  နှစ်မျိုးလုံး ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်အပြင် ပုဂ္ဂလိက ဆေးထုတ်လုပ်ရေး စက်ရုံများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ကြီးဌာနများအလိုက် ပေါင်းစပ် ဆောင်ရွက် သွားရန်နှင့် FDA အသိ အမှတ်ပြုရေးနှင့် အောင်မြင်မှုအခြေအနေပေါ်မူတည်၍ နိုင်ငံတကာမှ သိရှိနိုင်ရေး ကြေညာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန်မှုရှိသည့် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်ရေးအတွက်လည်း ကြိုတင် လုပ်ဆောင်ထားရန်လိုကြောင်း၊ ရေထွက် ပို့ကုန်များနှင့်ပတ်သက်၍ ကုန်သွယ်ရေးဂိတ် တစ်ခုတည်း သတ်မှတ်မထားဘဲ အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး ရောက်ရှိပို့ဆောင်နိုင်မည့် အခြားကုန်သွယ်ရေး ဂိတ်များကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ဖြစ် ကြောင်းနှင့် ပို့ကုန်လုပ်ငန်းသည်လည်း အရေးကြီးသည့်အတွက် ရေလုပ်သားများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စနစ်တကျ စာရင်းပြုစု လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အဓိကတာဝန ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေ များနှင့်ပတ်သက်၍ “ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဒါတင်မဟုတ်ဘူး ရေရှည် အတွက် ပါ။ စဉ်းစားဖို့ လိုတဲ့ဟာလေးပါ။ အဓိက ကတော့ ကျန်းမာရေးပေါ့ ။ လူကျန်းမာမှ အသက်ရှည်မယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ကျန်းမာမှ ပညာသင်ကြားနိုင်မယ်။ ကျန်းမာမှဆိုတော့ အခုရောဂါ ကင်းစင်မှသာ။ အလုပ်အကိုင် အခွင့်အလမ်းက ဖွင့်ပေး လို့ရမယ်။ အခု ရောဂါ ကင်းစင်မှလည်း ပညာရေးက။ ကျောင်းက ဖွင့်ပေးလို့ရမယ်။ ဒီဟာကတော့ ကျွန်တော်တို့အတွက် ကိုဗစ်သည် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ ဒါ တကယ့်ကို။ ထိပ်တန်းလုပ်ငန်း။ တကယ့်ကို ဦးစားပေး လုပ်ငန်းပေါ့။ တိုင်းပြည်က အဓိက ဦးစားပေးလုပ်ငန်းတွေထက် ဦးစားပေး ဆောင်ရွက်ဖို့ ပြောလိုပါတယ်။ ဝန်ကြီးဌာနတွေရော။ ပြည်နယ်နှင့် တိုင်းအစိုးရတွေရော။ ကိုဗစ်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး။ ဒါကို တကယ့် ထိပ်တန်းတာဝန်တစ်ရပ်အနေနဲ့ လုပ်ကြ ပါလို့ ကျွန်တော် ပြောလိုပါတယ်။ အဲ့ဒီတော့၊ ဘက်ပေါင်းစုံကနေ၊ လုပ်ရတာတွေ ရှိတယ်။ အဓိက ကတော့။ ကျန်းမာရေးဝန်ကြီးဌာနပြီးတော့ တပ်မတော် ဆေး ဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး။ ဒီနှစ်ခုကတော့ တစ်ကယ့် ကို ရှေ့တန်းကျကျ လုပ်ရမဲ့ အဖွဲ့အစည်းတွေ ဖြစ်လာတာပေါ့။ လုံးဝလည်း ဒါတွေက အလျှော့ပေးလို့ မရပါဘူး။ လိုအပ်တဲ့ Facility လည်း ကျွန်တော်က အပြည့်ဖြစ်အောင် ဥပမာအားဖြင့်- ဆေးလိုရင် ဆေးရအောင်ပေးရမယ်။ ဆေး၊ ဆေးပစ္စည်း ဒါတွေ ရအောင်လုပ်ပေး ရမယ်။ အဲ့ဒီတော့ ကျန်းမာရေးဝန်ထမ်းတွေကိုကောင်းကောင်းမွန်မွန် တာဝန် ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရမယ်။ လိုအပ်တဲ့ အုပ်ချုပ်မှု၊ ထောက်ပံ့မှု ကိစ္စတွေ ပြည့်ပြည့်စုံစုံလုပ်ပေးရမယ်။ ပြည်သူတွေ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ ဖြစ်သလို။ ကျန်းမာရေး ဝန်ထမ်းတွေလည်း ကျန်းမာမှ။ သူတို့လည်း ရောဂါစောင့်ရှောက်ရေးကို လုပ်နိုင်မှာဖြစ်တယ်။ ရောဂါ ကာကွယ်ဆေး ထိုးနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် အစိုးရအသီးသီးများ၊ အဆင့်ဆင့်သော အုပ်ချုပ်ရေး အဖွဲ့အစည်းများ။ ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ တာဝန်ထမ်းဆောင်နိုင်မှု အပေါ်မှာအလေးထားပေးဖို့၊ ဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်  ဟု ပြောကြားသည်။

 

ဆက်လက်ပြောကြားရာတွင် ကျန်းမာရေးကောင်းမွန်စေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သည့် နေထိုင်မှုဓလေ့စရိုက်များအပြင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေကောင်းလေသန့်ရရှိရေး၊ မိမိတို့၏ နေအိမ်၊ ရုံးဌာနများ၏ ပတ်ဝန်းကျင် သန့်ရှင်း သာယာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်နိုင်ရေး လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပေးမည် ဆိုပါက ကျန်းမာရေးကောင်းမွန်မှုအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ အားနည်းမှုရှိပြီးလွဲမှားစွာဖြင့် နားလည်နေမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေး ရန် လိုအပ်မည်ဖြစ်ကြောင်း။

 

ကာကွယ်ဆေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကာကွယ်ဆေးထိုးနှံ ပေးမှုများရှိပြီး ပုဂ္ဂလိက ဆေးရုံ၊ ကုမ္ပဏီများမှ လှူဒါန်းမှုများလည်း ရှိကြောင်း၊ ထို့ပြင် မိမိအစီအစဉ်ဖြင့် ထိုးနေမှုများကိုလည်း တွေ့ရှိရကြောင်း၊ သို့ရာတွင် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနကသာလျင် အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဆေးထိုးနှံမှုများ စနစ်တကျရှိစေရန်နှင့်  အန္တရာယ်မရှိစေရေး အတွက် အတိအကျလိုက်နာမှုရှိစေရေး မြို့နယ်များအလိုက် ထိန်းချုပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆေးသိုလှောင်မှုနှင့် ပတ်သက်၍ စနစ်တကျ နည်းလမ်းတကျသိုလှောင်မှုမရှိပါက ဆေးအာနိသင်များလျော့နည်းခြင်း၊ အာနိသင် မရှိခြင်းများ ဖြစ်နိုင်သဖြင့် စနစ်တကျသိုလှောင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘပြည်သူများ သုံးစွဲလျက်ရှိသည့် အိမ်သုံးအခြေခံဆေးဝါးများကို ဈေးနှုန်း အမှန်ဖြင့် သက်သာလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည့် ဆေးနှင့် ဆေး ပစ္စည်း ကုန်သည်ကြီးများ အသင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝယ်ယူသုံးစွဲနိုင်မှုမရှိသဖြင့် အသက် ဆုံးရှုံးသည်အထိဖြစ်မည့် ဖြစ်စဉ်များမဖြစ်စေလိုကြောင်း၊ လိုအပ်ချက်များကြောင့် တင်သွင်းထားသည့် ဆေးဝါးများကို ဂိုဒေါင်များနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာနေမှုမရှိစေဘဲ သုံးစွဲသူများထံ အမြန်ဆုံးရောက်ရှိနိုင်အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးဝါး များသာမက အခြားကင်ဆာရောဂါနှင့် နှလုံး ရောဂါကဲ့သို့ ရောဂါများအတွက် လိုအပ်သည့် အရေးပေါ် လိုအပ်ချက်ရှိသည့် ဆေးဝါးများကိုလည်း အမြန်ဆုံး တင်သွင်းရရှိနိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

 

အောက်ဆီဂျင်နှင့်ပတ်သက်၍ ပိုလျှံမှုရှိအောင် ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း သန့်ရှင်းသည့် ဆေးရုံသုံး အောက်ဆီဂျင်များ ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံများ ရပ်ထား၍မရဘဲ အမြဲတမ်းလည်ပတ်၍ စက်မှုလုပ်ငန်းသုံးနှင့် ဆေးရုံသုံး အောက်ဆီဂျင်များ ထုတ်လုပ်နိုင်အောင် အမြဲပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်များရှိ ဆေးရုံများတွင်လည်း အောက်ဆီဂျင်လိုအပ်ချက်မရှိအောင် စီမံဆောင်ရွက် ပေးထားရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ အသက်အရွယ်ကြီး မြင့်သူများနှင့် ရောဂါအခံရှိသူများ ကျန်ရှိမှုမရှိအောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့သော ရောဂါအခံရှိသူများသည် ဆေးဝါးထိုးနှံရန် ကြောက်ရွံ့ခြင်းများ နှင့် သတင်းအမှားများကို ယုံကြည်နေခြင်းများကြောင့် ဆေးထိုးနှံမှုမရှိကြသည်ဟု သိရှိရသောကြောင့် ရောဂါအခံရှိသူများသည် ရောဂါဖြစ်ပွားနိုင်ချေ ပိုမိုများပြားသဖြင့် ဆေးထိုးနှံမှုရှိစေရေး နားလည်သဘောပေါက်အောင် ရှင်းလင်းပြောဆိုပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများသည် အဓိကအကျဆုံးသော လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျဖြင့် လုပ်ဆောင်ကြရန်လိုအပ်မည်ဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်မှသာလျင် စီးပွားရေး၊ ပညာရေးနှင့် အခြားလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကိန်းဂဏန်းများကိုကြည့်၍ ဖြေလျော့မှုများကို လုပ်ဆောင်ပေး၍ ရနိုင်မည်မဟုတ်ဘဲ ကူးစက်ဖြစ်ပွားမှုနှုန်း အမှန် တကယ်လျော့ကျမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ နယ်မြေများအတွင်း ကူးစက် မှုနှုန်း အမှန်တကယ်လျော့ကျမှုရှိစေရေး ကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်