ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင် လာစေရေး Stop Covid-19 အဝါရောင် ကမ်ပိန်း လှုပ်ရှားမှု ရန်ကုန်မြို့တွင် စတင်ပြုလုပ်

ရန်ကုန်၊   ၂၅    ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင် လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ Stop Covid-19 အဝါရောင် ကမ်ပိန်း လှုပ်ရှားမူကို ဒီဇင်ဘာ  ၂၅  ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည်။

ကမ်ပိန်းလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုမင်းသိန်း ဦးဆောင်ကာ YBS ယာဉ်များ အား ကိုဗစ်-၁၉ အသိပေးစာတန်းပါ Sticker များကပ်ခြင်း၊ ခရီးသွားပြည်သူများအား Mask များ အခမဲ့ဝေငှခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဝါရောင်ပေါ်မှာ mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ ဒါတွေကို ရေးပြီးတော့ ပြည်သူ လူထုကို အသိပေးတာပါ။  Yellow Sticker ကမ်ပိန်းဆိုရင်လည်း မမှားပါဘူး။ အဓိက ရည်ရွယ်တာက ပြည်သူလူထုကို အမူအကျင့် ပြောင်းလဲသွားဖို့လိုတယ်ဆိုတာ အသိပေးလိုတဲ့အတွက် လိုက်နာ ဆောင်ရွက်စေလိုတဲ့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

ဆက်လက်၍ ၎င်းကကိုဗစ်-၁၉ ကာကွယ်ဆေး ရပြီးရင်လည်းပဲ ကိုဗစ်-၁၉ နဲ့အတူ နေထိုင်သွားဖို့ ရှိတယ်။ အဲဒီလိုနေထိုင်သွားတဲ့အခါ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ အခု ဆိုရင် တော်တော်များများလည်း သိပါတယ်။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ ဒါတွေ အားလုံးသိပြီးသားပါပဲ။ သိပေမယ်လည်း ဒီဟာကို အမူအကျင့်ရသွားတဲ့အထိကို အလေးထား ဆောင်ရွက်သွားဖို့လိုပါတယ်။ ပြည်သူလူထုရဲ့ အမူအကျင့်ပြောင်းလဲသွားတဲ့အထိ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီးတော့ ဒီကမ်ပိန်းကို ယနေ့စတင် ပြုလုပ်တာဖြစ်ပါတယ်ဟု ပြောသည်။

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ YRTA နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)

ဓာတ်ပုံ-ဆန်းကျော်ဦး