ကိုဗစ်-၁၉ ရောဂါ ကုသရန် ရမ်ဒက်ဆဗီယာဆေးကို အမေရိကန် FDA အတည်ပြု

၂၃ အောက်တိုဘာ

 

 

ဗိုင်းရပ်စ် ကုသဆေးဖြစ်သည့် ရမ်ဒက်ဆဗီယာဆေးကို လက်တွေ့စမ်းသပ်မှု အမျိုးမျိုးအပေါ် အခြေခံပြီးနောက် ကိုဗစ်-၁၉ ရောဂါအတွက် အရေးပေါ် ကုသရန် အတည်ပြုခဲ့ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ပြောကြားခဲ့သည်။

 

 

အဆိုပါ ဆေးဝါးသည် ကိုဗစ်-၁၉ ကုသရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး အတည်ပြုသည့် ဆေးဝါးလည်းဖြစ်သည်။

 

 

အဆိုပါ ရမ်ဒက်ဆဗီယာဆေးသည် အသက် ၁၂ နှစ်အထက် လူငယ်များ အသုံးပြုရန်အတွက် အနည်းဆုံး ကိုယ်အလေးချိန် ကီလိုဂရမ် ၄၀ အထိ ရှိရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါကုသရာတွင် အသုံးပြုနိုင်ကြောင်း FDA က အင်္ဂါနေ့က ကြေညာခဲ့သည်။

 

 

အဆိုပါ ရမ်ဒက်ဆဗီယာဆေးအား အီဘိုလာရောဂါကို တိုက်ဖျက်ရာတွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

 

 

မေလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် အရေးပေါ် အသုံးပြုရန် အမေရိကန်နိုင်ငံ FDA က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

 

အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှ သုတေသီများ ဦးဆောင်သော အဖွဲ့နှင့် အခြားအဖွဲ့များသည် လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရမ်ဒက်ဆဗီယာဆေးက ကိုဗစ်-၁၉ ရောဂါကုသရာတွင် ပြန်လည်နာလန်ထူရန် အချိန်ကုန် သက်သာစေသည်ဟု မျှော်လင့်ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဗိုင်းရပ်စ် ကူးစက်ခံရစဉ်အတွင်း အဆိုပါ ဆေးဝါးဖြင့် ကုသမှုပေးခဲ့သည်။

 

 

ရမ်ဒက်ဆဗီယာဆေးသည် ကိုဗစ်-၁၉ လူနာများ၏ သေဆုံးမှုနှုန်း (သို့မဟုတ်) ဆေးရုံတက်ရန် ကြာရှည်မှုအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။

 

 

ကိုးကား -အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်