ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဧပြီ ၂၁

 

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့  မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က မြန်မာနိုင်ငံတွင် ဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက်ဖြစ်ပွားခဲ့သည့် ဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် (၁ ဒသမ ၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင်မူ ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်း။

 

 ရောဂါကုသရာတွင် လက်ရှိမြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကုသသည့် ဗိုင်းရပ်စ် ပိုးသတ်ဆေးဝါးများဖြင့်သာ ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ် ရေးအတွက် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိ ရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ် နိုင်ကြောင်း၊ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများကို စောစီးစွာသိရှိပြီး ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးများ ထိုးနှံခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

 

ဆေးသုတေသနဦးစီးဌာနအနေဖြင့် အသစ်ထွက်ပေါ်လာသော အိုမီခရွန်ဗီဇပြောင်းပိုး များနှင့်ပတ်သက်၍ မျိုးရိုးဗီဇစစ်ဆေးခြင်း တိုးမြှင့်ဆောင်ရွက်သွားရန်၊ ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာပါက အသွားအလာ ကန့်သတ်ထားရှိရန်၊ (Quarantine Centre) များနှင့် ကုသမှု ပေးနိုင်ရန်၊  ဗိုင်းရပ်စ်ရောဂါကုသသည့် ဆေးဝါးများ အပါအဝင် အခြားလိုအပ်သော ဆေးဝါးများ၊ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ကုသရေးစင်တာများ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနည်းလမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ ဒေါက်တာတိုးသီရိအောင် က  ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)