ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၃

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဧပြီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံအတွင်း၌ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲ(Arcturus)(အာတူးရပ်စ်)XBB.1.16 အား စတင်ကူးစက်မှုရှိသည်ကို စောင့်ကြည့်မှုအရတွေ့ရှိရပြီး သင်္ကြန်ကာလနောက်ပိုင်းတွင် ပိုမိုကူးစက်မှုအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ သို့သော်လည်း ယခင်ဖြစ်ပေါ်ခဲ့သည့် အိုမီခရွန်ကူးစက်မှုအနေအထားများနှင့် နှိုင်းယှဉ်ပါက စိုးရိမ် ဖွယ်ရာမရှိသည်ကို တွေ့ရှိရပြီး ဧပြီလ(၁)လအတွင်း ဧပြီ ၂၉ ရက်တွင် ရောဂါပိုးတွေ့ရှိသူ ၁၃၀ ဦး၊ ကူးစက်မှုနှုန်း ၁ ဒသမ ၁၄ ရာခိုင်နှုန်းအထိ အမြင့်မားဆုံးကူးစက်မှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကာ ကျန်သည့်ရက်များ၌ ကူးစက်မှုနှုန်းသည် တစ်ရာခိုင်နှုန်းအောက်သာရှိသည်ကိုတွေ့ရှိရကြောင်း၊ ကူးစက်ခံရသူများအနက် သေဆုံးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦးရှိခဲ့ကြောင်း၊ ဧပြီ ၁ ရက်မှ မေလ ၁ ရက်အထိ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ကူးစက်ခံရသူ ၉၀၃ ဦးခန့်ကူးစက်ခံခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ဖြစ်သည့် (Arcturus)သည် သက်ဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်များအရ ယခင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်မျိုးကွဲများလောက် ပြင်းထန်မှုမရှိဟုသုံးသပ်ထားကြကြောင်း၊ ထူးခြားချက်အနေဖြင့် ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိနာခြင်း၊ နားကိုက်ခြင်းများဖြစ်ပေါ်ကြသည်ကို ထူးခြားချက်တစ်ခုအဖြစ် မှတ်သားတွေ့ရှိရပြီး ဆက်လက်လေ့လာဆန်းစစ်၍ အသိပညာပေးမှုများဆောင်ရွက်ရာတွင် ထည့်သွင်းဖော်ပြသွားရန်လိုကြောင်း၊ ယနေ့မိမိတို့ ကော်မတီ အစည်းအဝေးပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ်(Arcturus) ဖြစ်ပွားလျက်ရှိသည်ဖြစ်သော်လည်း ဖြစ်ပွားမှုနှုန်း မြင့်တက်မှုမရှိစေရေး စောင့်ကြည့်ရန်၊ ထိန်းချုပ်ရန်၊ အသိပညာပေးရန်၊ ရောဂါဖြစ်ပေါ်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သွားရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ရှိရသည့် အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအား ကုသရာတွင်လည်း ယခင် ကိုဗစ်-၁၉ မျိုးကွဲများကုသရာတွင်အသုံးပြုသည့် ဆေးဝါးများဖြင့် ဆက်လက်ကုသနိုင်ကြောင်းသိရသဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ ကာကွယ်ဆေးများကို မှန်မှန်ကန်ကန်ဆက်လက်ထိုးနှံသွားရန်၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိုးရိမ်ရခြင်းမရှိဟုဆိုရာတွင်လည်း ပေါ့ဆ၍ ရမည်မဟုတ်ကြောင်း၊ စတင်ဖြစ်ပေါ်ကတည်းကပင် နိုင်နိုင်နင်းနင်းဖိဖိစီးစီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ Test Kit လိုအပ်ချက်များ၊ အောက်ဆီဂျင်လိုအပ်ချက်များ ပြည့်စုံမှု ရှိ၊ မရှိ၊ Quarantine စင်တာများ အသင့်ဖြစ်မှုစသည်တို့ကို စစ်ဆေးဆောင်ရွက်၍ အသင့်ပြင်ထားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည့်ဆေးဝါးများ လုံလောက်မှုရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေပြည့်မီမှုရှိစေရေး စသည်တို့ကိုဆွေးနွေး၍ မိမိတို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းများကို ပြန်လည်စတင်ခြင်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လွန်ခဲ့သည့် ၂၈ ရက်အတွင်း ကမ္ဘာတစ်ဝန်း၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများအား နှိုင်းယှဉ်တင်ပြချက်၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် XBB.1.16 (Arcturus) ကူးစက်မှု၊ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Variants) စစ်ဆေးတွေ့ရှိရမှု၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူများနှင့် ပြည်ပပြန်များတွင် ရောဂါပိုးတွေ့ရှိရမှု၊ လွန်ခဲ့သည့် ၁၄ ရက် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရမှု၊ ၂၀၂၃ ဧပြီလအတွင်း ကိုဗစ်-၁၉ရောဂါ အစုလိုက်ဖြစ်ပွားကူးစက်မှု၊ ရောဂါပိုးတွေ့ရှိရသူများအား သီးခြားထားရှိမည့်အစီအစဉ်များ၊ ဦးတည်အသက်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သိုလှောင်ထားရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများကို သုံးသပ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ပြည်သူလူထုသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးတိုက်တွန်းနှိုးဆော်ချက်များတွင်ပါရှိသင့်သည့် လိုက်နာဆောင်ရွက်ရန်အချက်များကို Powerpoint presentation ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ်ကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လိုအပ်သည့် ဆေးဝါးများ၊ အောက်ဆီဂျင်နှင့် ကာကွယ်ရေးပစ္စည်းများ ပြည့်မီမှုရှိစေရေး၊ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေပြည့်မီမှုရှိစေရေးနှင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ်နှင့်ပတ်သက်၍ အသိပညာရရှိစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့မှုနှင့် လက်ရှိ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်လည်း ပါဝင်နိုင်ရေးနှိုးဆော်ထားရှိမှု၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင် ထုတ်လုပ်နိုင်မှုနှင့် အောက်ဆီဂျင်လိုအပ်ချက်အား ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်အတိုင်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့၌ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် (Arcturus) ကူးစက်ခံရမှုများနှင့် သုံးသပ်တွေ့ရှိရမှု၊ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကုသရေးဆေးရုံများ၊ Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ နယ်စပ်ဝင်၊ ထွက်ဂိတ်များမှ ဝင်ထွက်သွားလာမှုများကို ကိုဗစ်-၁၉ ကန့်သတ်ချက်များအညီဖြစ်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် XBB.1.16 (Arcturus)သည် ယခင်ကူးစက်ဖြစ်ပွားလျက်ရှိသည့် XBB.1 နှင့် XBB.1.15 တို့ထက် ကူးစက်မှုနှုန်း မြန်ဆန်သည်ဖြစ်သော်လည်း ရောဂါလက္ခဏာပိုမိုပြင်းထန်မှုမရှိသည်ကို လေ့လာသုံးသပ်ချက်များအရတွေ့ရှိရမှု၊ ထိုသို့တွေ့ရှိရမှုများအရ ခရီးသွားလာမှုများ၊ လူစုလူဝေးဆောင်ရွက်မှုများကို ကန့်သတ်ဆောင်ရွက်ရန်အထိ တင်းကြပ်ဆောင်ရွက်ရန်မလိုဘဲ လူတစ်ဦးချင်းစီ၏ အသိစိတ်ဓာတ်ဖြင့်သာ ကာကွယ်ဆောင်ရွက်နိုင်ကြောင်းကို သုံးသပ်တွေ့ရှိရမှု၊ လူတစ်ဦးချင်းစီ၏ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းများကို လွယ်ကူစွာသိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများစနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးကြသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က စိစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးသည် ၁ လအတွင်း ၅၃၉ ဦးဖြင့် ကူးစက်မှုနှုန်းအများဆုံးဖြစ်ပြီး ကရင်ပြည်နယ်တွင် ၁၉၆ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သဖြင့် ကူးစက်မှုနှုန်းထပ်မံတိုးမြင့်မလာစေရေးစနစ်တကျ ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်များတွင် ဝင်ရောက်လာသူမှန်သမျှကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများကို မပျက်မကွက်ဆောင်ရွက်ရန်လိုပြီး ရောဂါပိုးတွေ့ရှိရသူများကို သတ်မှတ်နေရာများသို့ပို့ဆောင်၍ ကုသမှုများဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခင်ဖြစ်စဉ်များတွင် အစုအဖွဲ့အများဆုံးဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ကူးစက်မှုအများဆုံးဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ စာသင်တိုက်များ စသည်ကဲ့သို့အစုအဖွဲ့များရှိသည့် နေရာများ၌ ကူးစက်မှုများဖြစ်ပေါ်ပါက ဆက်နွယ်နေသူများအားလုံးကို ကြပ်ကြပ်မတ်မတ်စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်း လိုအပ်ချက်များကိုလည်း အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်