ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိနှင့်အသိ

၂၈  ဧပြီ

ယခုအခါ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ သူတွေအပေါ် ကဲ့ရဲ့ပြစ်တင်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ လည်း ဖြစ်နေသလို ကမ္ဘာတစ်ဝန်းမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး လုပ်ကြံသတင်း၊ ကောလာဟလတွေ ပျံ့နှံ့ နေတဲ့အတွက် ကျန်းမာရေးတိုက်ပွဲသာမက ပြန်ကြား ဆက်သွယ်ရေးတိုက်ပွဲလည်း ဖြစ်နေတာ တွေ့ရပါတယ်။ ဒါတွေကို အစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ကြိုးပမ်းလုပ်ဆောင်နေပါ တယ်။ ဒီကဲ့ရဲ့ပြစ်တင်မှု၊ ခွဲခြားဆက်ဆံမှုတွေ၊ လုပ်ကြံ သတင်း၊ ကောလာဟလတွေနဲ့ပတ်သက်ပြီး တုံ့ပြန် ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းတွေကို အများပြည်သူ သိနိုင်ရန် ယခုဆောင်းပါးဖြင့် မျှဝေ လိုက်ပါတယ်။

ကဲ့ရဲ့ပြစ်တင်မှုနှင့် ခွဲခြားဆက်ဆံမှုများ လျော့ပါးပပျောက်စေရေး

ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနေချိန်မှာ အရေးပေါ် ပြည်သူ့ကျန်းမာရေးအစီအစဉ်တွေ ဆောင်ရွက် ကြရလို့ ပြည်သူများအကြား ကြောက်ရွံ့မှု၊ စိုးရိမ်မှု တွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေအနေကတစ်ဆင့် လူအများနဲ့ လူမှုအသိုက်အဝန်းတွေအပေါ် ထိခိုက်အကျိုး ယုတ်မှုတွေ၊ လူမှုဆက်ဆံခွင့် မရှိဘဲ သီးခြားနေထိုင်ကြရ တာတွေ၊ ကဲ့ရဲ့ပြစ်တင်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ အထိ ဖြစ်ပေါ်လာကြပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ ဒီလို အခြေအနေတွေကို အများဆုံး ရင်ဆိုင်ကြရသူတွေ ကတော့ ဒီရောဂါ ကူးစက်ခံရသူတွေ၊ ရောဂါကို ကုသ၊ တိုက်ဖျက်မှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေကြ တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက တစ်ဆင့် ကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေကြသလို ဒီနေရာတွေမှာ ဘယ်လိုဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေပြီ၊ ဘယ်သူတွေကတော့ ဖြစ်နေပြီ စသည်ဖြင့် သတင်းတု၊ သတင်းယောင်တွေ ဖြစ်ပေါ် တတ်ပါတယ်။ ဒါ့အပြင် အချို့ လူမှုအသိုက်အဝန်းတွေ၊ ဒေသတွေနဲ့ပတ်သက်ပြီး အမြင်ဆိုး၊ အထင်ဆိုးတွေ ဖြစ်အောင် လူမှုမီဒီယာတွေ၊ အခြားနည်းလမ်းတွေကို အသုံးပြုပြီး ပြောဆို အမည်တပ်နေတာတွေလည်း ဖြစ်ပေါ် နေတာတွေ့ရပါတယ်။

ပြည်သူလူထုကို ကျန်းမာရေးအသိပညာတွေ ရနိုင် အောင် လုပ်ဆောင်ခြင်းဖြင့် ဒီလိုမကောင်းတဲ့ အနေ အထားတွေ မဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီလို မကောင်းတဲ့ အနေအထားတွေ ရင်ဆိုင်ရပါကလည်း သင့်တင့်လျောက်ပတ်တဲ့ တုံ့ပြန်မှုတွေကို ဆောင်ရွက် တတ်ဖို့ လိုပါတယ်။

ကဲ့ရဲ့ပြစ်တင်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ လျော့ပါး ပပျောက်စေဖို့ တာဝန်သိပြည်သူတွေ သိရှိနားလည်ပြီး လိုက်နာသင့်တဲ့ အချက် (၇)ချက် ရှိပါတယ်။ ဒီ အချက် တွေကတော့-

(၁) ကိုဗစ်-၁၉ ရောဂါက ကူးစက်မြန်ရောဂါ ဖြစ်ပြီး မည်သူမဆို ကူးစက်ခံရနိုင်ဖွယ်ရှိတဲ့ အတွက် Social Distancing ဆိုတဲ့ လူတစ်ဦး နဲ့တစ်ဦး နှစ်မီတာ (ခြောက်ပေ) အကွာတွင် နေကာ ဆက်သွယ်ဆောင်ရွက်စေခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးခြင်း၊ နှာခေါင်းစည်း၊ မျက်နှာဖုံးများ ကိုယ်စီ တပ်ဆင်ခြင်း၊

(၂) ကြိုတင်သတိပေးထားတဲ့ကြားမှ ကူးစက်ခံရ ပါက ကူးစက်ခံရသူတို့ရဲ့ အမှားကြောင့် မဟုတ် သည်ကို နားလည်ပေးသင့်ခြင်း၊

(၃) လူနာနဲ့ သူ့မိသားစုအနေနဲ့ ကူညီထောက်ပံ့မှု နဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုများလည်း လိုအပ် နေမည်ကို နားလည်ပေးသင့်ခြင်း၊

(၄) ဒီရောဂါဟာ ကုသဆေး နဲ့ ကာကွယ်ဆေးမရှိသေး ပေမယ့် ကိုယ်ခံအားကောင်းမယ်ဆိုရင် လူ အတော်များများ ပြန်လည်ကျန်းမာလာကြောင်း ကို သိရှိရန်လိုအပ်ခြင်း၊

(၅) ရောဂါကို ကုသ၊ တိုက်ဖျက်မှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်း တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ လုံခြုံရေး ဝန်ထမ်းတွေ၊ ပူးပေါင်းဆောင်ရွက်ပေးသူတွေ ဟာ ကိုယ်ကျိုးမဖက် ဝန်ဆောင်မှုတွေ ပေးနေ တာဖြစ်တဲ့အတွက် ကူညီထောက်ပံ့မှု၊ အားပေး ချီးမြှောက်မှုနဲ့ ကျေးဇူးတင် အသိအမှတ်ပြုပေးဖို့ ထိုက်တန်သူတွေဖြစ်ကြောင်း သိရှိနားလည် ခြင်း၊

(၆) ရောဂါကို ကုသ၊ တိုက်ဖျက်မှုတွေမှာ ပါဝင် ဆောင်ရွက်နေကြတဲ့သူတွေ ကူးစက်မခံကြ ရလေအောင် သင့်တင့်တဲ့ အကာအကွယ်ဝတ်စုံ များ တပ်ဆင်ပေးခြင်း၊

(၇) ဒီရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ မရှိမဖြစ် ဝန်ဆောင်မှုပေးနေသူတွေနဲ့ သူတို့ရဲ့မိသားစု တွေကို အန္တရာယ်တစ်ခုလို သဘောထားပြီး ခွဲခြား ဝိုင်းကြဉ်နေတာမျိုးတွေဟာ ဒီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို အားနည်း စေသလို နိုင်ငံအတွက်ပါ ထိခိုက်စေတာကို သိနားလည်ထားခြင်းတို့ ဖြစ်ပါတယ်။

ကဲ့ရဲ့ပြစ်တင်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ လျော့ပါး ပပျောက်စေဖို့ တာဝန်သိပြည်သူတွေ မလုပ်သင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။ ဒီ အချက်တွေကတော့-

(၁) ကူးစက်ခံရသူ၊ စောင့်ကြည့်လူနာတို့ရဲ့ အမည်၊ မည်သူမည်ဝါဖြစ်တယ်ဆိုတာနဲ့ သူတို့ရဲ့ အရပ် ဒေသတွေကို အခွင့်မရှိဘဲ လူမှုမီဒီယာကတစ်ဆင့် ရေးသားဖြန့်ဝေခြင်းမျိုး မလုပ်သင့်ခြင်း၊

(၂) ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုကို ပျံ့နှံ့အောင် မလုပ် ဆောင်ခြင်း၊

(၃)ကျန်းမာရေး၊ သန့်ရှင်းရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးနေသူများကို ပစ်မှတ်ထားခြင်း မပြုဘဲ ရှောင်ရှားခြင်း (ထိုသူများသည် မိမိတို့ ကို ကူညီပေးနေသည်ကို သိရှိနားလည်ခြင်း)၊

(၄) အဆိုပါရောဂါ ပျံ့နှံ့နေတဲ့ လူမှုအသိုက်အဝန်း (သို့မဟုတ်) နေရာတွေကို အမည်တပ်ပြီး ခွဲခြားဖော်ပြခြင်း မပြုခြင်းတို့ ဖြစ်ပါတယ်။

မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု (MIL) ဖြင့် လုပ်ကြံသတင်း၊ ကောလာဟလများကို ခွဲခြားသိမြင်နိုင်ခြင်း

တိကျမှန်ကန်ပြီး အထောက်အကူဖြစ်ကာ အသက် ကယ်နိုင်တဲ့ သတင်းအချက်အလက်တွေ ကျယ်ကျယ် ပြန့်ပြန့်ရှိနိုင်ဖို့အတွက် တာဝန်ရှိသူတွေဘက်က သတင်း အချက်အလက်မှန်တွေ ပိုမိုဖြည့်ဆည်းပေးရေးနဲ့ ပြည်သူ လူထုအနေနဲ့ ဒီသတင်းအချက်အလက်မှန်တွေကို ပိုပြီး လက်လှမ်းမီနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ လုပ်ကြံသတင်း၊ ကောလာဟလတွေ ပါးသွားနိုင် သလို တစ်ဖက်ကလည်း မိမိသိရှိတဲ့ သတင်းဟာ သတင်းတု သတင်းယောင်လား၊ အမှန်သတင်းတွေလားဆိုတာကို ခွဲခြားသိရှိနိုင်တဲ့ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (MIL)ကို ပြည်သူတွေအကြား ထဲထဲဝင်ဝင် ရှိနေဖို့လိုအပ်ပါတယ်။

မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (MIL)နဲ့ပတ်သက်ရင် ဦးဆောင် ဦးရွက်ပြုနေတဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က အကြံပြုထားတဲ့ အချက်(၄) ချက် ရှိပါတယ်။ ဒီ အချက် တွေကတော့-

(၁)  ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ သတင်း အချက် အလက်တွေကို လူမှုမီဒီယာကတစ်ဆင့် မိမိက အခြားသူများကို မျှဝေရင် တရားဝင် အဖွဲ့အစည်းများဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ တရားဝင် သတင်းထုတ်ပြန်ချက်တွေ၊ အတည် ပြုပြီးတဲ့ သတင်းအချက်အလက်တွေ ဖြစ်ရ ပါမယ်။ ဒါမှမဟုတ် သတင်းမှန်များကို ထုတ်ပြန်နေတဲ့ သတင်းဌာနများမှ သတင်း အချက်အလက်များ ဖြစ်ရပါမယ်။ ဒီနေရာမှာ ဖြည့်စွက်တင်ပြချင်တာကတော့ ကောင်း သတင်းရှိတဲ့ သတင်းဌာန ဟုတ်၊ မဟုတ်ကို သိနိုင်ဖို့ အသိအမြင် ဗဟုသုတရှိရန်လည်း လိုပါတယ်။ ဒါမှသာသတင်းအရင်းအမြစ်ကို စိစစ်နိုင်မှာပါ။

(၂) အမှတ်စဉ်(၁)မှာ ဖော်ပြထားတဲ့အချက်တွေကို မိမိရဲ့မိသားစုဝင်များ သိရှိအောင် လည်း သင်ကြားပေးရန်လိုအပ်ပါတယ်။

(၃) ဒီရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ ပြောကြားမှု၊ ရေးသားမှုများကိုလည်း ဆန်းစစ်ရန် လိုပါတယ်။ အဆိုပါကျွမ်းကျင်သူ က ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုသလဲ၊ ယုံကြည်အားထားလောက်တဲ့ သတင်း မီဒီယာက ဖော်ပြတာလားစသည်ဖြင့် စိစစ်ရန်လိုပါတယ်။

(၄) မိမိသိရှိရတဲ့ သတင်းအချက်အလက်က မိမိ ရဲ့ စိတ်ခံစားမှုဖြစ်တဲ့ ဒေါသထွက်စေတာ၊ အံ့သြတုန်လှုပ်စေတာ၊ ဝမ်းနည်းသနား၊ နာကြည်းမုန်းတီး အစရှိတာတွေဖြစ်စေပြီ ဆိုရင် ဒီသတင်းကြောင့် ဘယ်သူအကျိုးရှိ သွားသလဲ၊ ဘယ်သူ အကျိုးယုတ်သွား သလဲ၊ ဘာကြောင့် ဒီလိုစိတ်တွေ ဖြစ်အောင် ရေးသား၊ ပြောကြတာလဲဆိုတာတွေကို စဉ်းစားဆင်ခြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိရရှိတဲ့ ဒီသတင်းအချက်အလက် မှန်၊ မမှန်ကိုသိဖို့ အခြားမီဒီယာတွေမှာ ဒီသတင်းဖော်ပြမှု ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့လိုပါတယ်။ ကြားသမျှ၊ ဖတ်ရှု ရသမျှတွေကို အလွယ်တကူ ယုံကြည်တာမျိုး မလုပ် သင့်ခြင်း ဖြစ်ပါတယ်။ ဒီလို ချင့်ချိန်နိုင်ရင် ဒီရေးသား၊ ပြောဆိုမှုကို လုပ်နေတဲ့ သူတွေ၊ မီဒီယာတွေရဲ့ ပုံဖော် ဦးတည်ရာဘက်ကို မိမိက မျောပါမသွားဘဲ လုပ်ကြံသတင်း၊ ကောလာဟလတွေကို ခွဲခြားသိမြင်နိုင်မှာ ဖြစ်ပါတယ်။

စာရေးသူတို့ နိုင်ငံအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ နဲ့ပတ်သက်ပြီး အများပြည်သူအထိတ်တလန့် ဖြစ်စေမယ့် မဟုတ်မမှန် သတင်းတွေလွှင့်ခြင်း မပြုလုပ်ကြဖို့ မီဒီယာတွေမှာ ထုတ်ပြန်အသိပေးလျက်ရှိသလို ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုတွေ၊ ဆွေးနွေးခန်းတွေ၊ ပြည်သူတွေ သတိပြု လိုက်နာဆောင်ရွက်ဖို့ အသိပေးမှုတွေ၊ ဒီရောဂါဆိုင်ရာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံပိုင် မီဒီယာက တစ်ဆင့် ထုတ်ပြန်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ဒီရောဂါနဲ့ပတ်သက်တဲ့ အခြေအနေတွေနဲ့ သတင်းစကားတွေအပြင် နိုင်ငံတော်အနေနဲ့ လိုအပ်သလို ညွှန်ကြား၊ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ အားရစရာ သတင်းစကားတွေကိုလည်း နိုင်ငံပိုင် နေ့စဉ်သတင်းစာ၊ မီဒီယာတွေမှာလည်း ဖော်ပြထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒီလို ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပေးနေတဲ့အတွက် လုပ်ကြံသတင်း၊ ကောလာဟလတွေ ဖြစ်ပေါ်နိုင်မှုကို လျော့ပါးစေနိုင်တာ တွေ့ရပါတယ်။

နိုဂုံးချုပ်အနေနဲ့ ဒီရောဂါကို ရင်ဆိုင်တွန်းလှန်ကြရာမှာ လူပုဂ္ဂိုလ်အနေနဲ့ Social Distancing ကြောင့် ခပ်ခွာခွာနေကြရပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ စုစည်း ညီညာစွာနဲ့ ကျန်းမာရေးဆိုင်ရာ သတိပြုစရာတွေအပြင် လူမှုရေးဆိုင်ရာ စာနာနားလည်မှုကိုပါ တည်ဆောက်ပြီး အစိုးရနဲ့ ပြည်သူ လက်တွဲကူကာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။ ။

ဒေါက်တာသီတာတင် (ပြန်/ဆက်)