ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များသို့ တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် ဩဂုတ် ၉

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်မာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး သိုလှောင်အခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopham များနှင့် ဆေးထိုးအပ်များကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ် ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနားမြို့နှင့်ဗန်းမော်မြို့များသို့ ပို့ဆောင်ပေးသည်။

 

ထိုသို့ပို့ဆောင်ပေးရာတွင် မြစ်ကြီးနားမြို့သို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၁၂ ပုံး၊ အလုံးရေ ၃၇၀၀ နှင့် ဆေးထိုးအပ် ၁၀၆၀၀ တို့ကိုလည်းကောင်း၊ ဗန်းမော်မြို့သို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သုံးပုံ၊ အလုံးရေ ၁၀၀၀ နှင့် ဆေးထိုးအပ် ၂၀၀၀ တို့ကိုလည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု၊ လူဦးရေဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ) ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီများရယူကာ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်