ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်သည် နယူးယောက်စီးတီး စည်ပင်ဝန်ထမ်း ၁၄၀၀ ကျော်အား အလုပ်မှထုတ်ပယ်

နယူးယောက်စီးတီး ဖေဖော်ဝါရီ ၁၇

အမေရိကန်နိုင်ငံ နယူးယောက်စီးတီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူရန် ငြင်းဆန်သည့် စည်ပင်ဝန်ထမ်း ၁၄၀၀ ကျော်အား အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း နယူးယောက်စီးတီးတာဝန်ရှိသူ များက ယနေ့ပြောကြားသည်။

အဆိုပါ ကြေညာချက်ကို နယူးယောက်စီးတီး မြို့တော်ဝန် အဲရစ်အက်ဒမန်ရုံးက ယမန်နေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နယူးယောက်စီးတီး၌ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများနှင့် အခြားသော ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူရန် လိုအပ်သည်။

သက်ဆိုင်ရာရုံးဌာနများက ပြီးခဲ့သည့်အောက်တိုဘာလအထိ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းမရှိသေးသည့် ဝန်ထမ်းများအားလုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်မပြုဘဲ လစာမဲ့ခွင့်ကိုသာ ခွင့်ပြုထားကြောင်း သိရသည်။

မြို့တော်အတွင်း၌ ကာကွယ်ဆေးထိုးနှံမှုခံယူ ခြင်းမရှိသေးသည့် ဝန်ထမ်းအရေအတွက် ၂၄၀၀ ခန့်ရှိပြီး အဆိုပါဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံမှု ခံယူရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်ကို နောက်ဆုံး နေ့ရက်အဖြစ် သတ်မှတ်ထားခဲ့သည်။

အဆိုပါ သတ်မှတ်ရက်ကျော်လွန်ကာ လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းမရှိသည့် စည်ပင်ဝန်ထမ်း ၁၄၃၀ အား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာလအထိ မြို့တော်အတွင်းရှိ လုပ်သားအင်အား ၈၅ ရာခိုင်နှုန်း (၃၇၀၀၀၀) သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်