ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသည့် ကလေးငယ်များအား မြို့တော်ဂျကာတာရှိ ဈေးဝယ်စင်တာများသို့ ဝင်ရောက်ခွင့်ပြုမည်

ဂျကာတာ ဖေဖော်ဝါရီ ၁၇

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်သည့် အသက်ခြောက်နှစ်မှ ၁၂ နှစ်အရွယ်ကလေးငယ်များအား မြို့တော်ဂျကာတာရှိ ဈေးဝယ်စင်တာများနှင့် အပန်းဖြေစရာနေရာများသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဂျကာတာရှိ ဈေးဝယ်စင်တာများသို့ ဝင်ရောက်မည့် အဆိုပါအသက်အရွယ်ရှိ ကလေးငယ်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်း ဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးကြောင်း၊ ထောက်ခံချက်ပြသရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ယင်းကလေးငယ်များအား ၎င်းတို့၏ မိဘများနှင့်အတူ လိုက်ပါရမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄ ဒသမ၉ သန်းကျော် ရှိကြောင်းနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူအရေအတွက်သည်လည်း ၁၄၅၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ကျန်းမာရေးအာဏာပိုင်များက ခွင့်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကာကွယ်ဆေးများ အပါအဝင် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၃၂ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၂၀၈ ဒသမ ၂ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်