ကိုဗစ်- ၁၉ တတိယလှိုင်းကို အကောင်းဆုံးထိန်းချုပ်နိုင်ရေး ကြိုးစားနေတဲ့ ထိုင်းနိုင်ငံ

လင်းဟန်သစ်

 

ထိုင်းနိုင်ငံတစ်ဝန်း ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ် လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိရာ လွန်ခဲ့တဲ့ ၂၄ နာရီက ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၇၈ ဦး ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၈၅၇ ဦးအထိ ရောက်ရှိလာပါတယ်။ အလားတူ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၁၈၉၁၂ ဦး တိုးလာတဲ့အတွက် တစ်နေ့တည်းကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူအမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ နိုင်ငံအတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်းဟာလည်း ခြောက်သိန်းနီးပါး ရောက်ရှိလာပါတယ်။

 

ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုတွေတိုးနေ

 

ဒီလိုအချိန်မှာ ထိုင်းဒုတိယဝန်ကြီးချုပ် အနူတင်ချာနာဗီရာကူလ်က တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု ကပ်ရောဂါကို တိုက်ဖျက်ရာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောကြားလိုက်သလို ဒီအခြေအနေမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချင်းချင်းအပြန်အလှန် ဆက်လက် ထောက်ပံ့ဖို့ကိုလည်း ပြောကြားလိုက်ပါတယ်။

 

လတ်တလော ထိုင်းနိုင်ငံမှာ ဒယ်လ်တာကိုဗစ် - ၁၉ ကူးစက် ဖြစ်ပွားမှုတွေ မြင့်နေသလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာလည်း တိုးနေပါတယ်။ အနူတင်က ကိုဗစ်-၁၉တိုက်ဖျက်ဆောင်ရွက်မှုအပေါ် တရုတ်နိုင်ငံရဲ့ ကူညီပေးမှုအပေါ်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြပြောကြားခဲ့ပါတယ်။

 

ကာကွယ်ဆေးကူညီမှုကို အများကြီးလက်ခံခဲ့

 

တရုတ်အစိုးရဟာ မိမိတို့နိုင်ငံကို အများဆုံးကူညီထောက်ပံ့ပေးခဲ့ကြောင်းနဲ့ မိမိတို့တွေလည်း တရုတ်နိုင်ငံရဲ့ ကူညီမှုတွေကို အများကြီး လက်ခံရရှိခဲ့တယ်လို့ အနူတင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ထိုင်းပြည်သူများအနေနဲ့ တရုတ်နိုင်ငံသားများနဲ့ သူတို့ကြား ညီရင်းအစ်ကိုစိတ်ဓာတ်ကို အံ့သြစရာကောင်းလောက်အောင် အမြဲအောက်မေ့သတိရနေမှာ ဖြစ်တယ်လို့ အနူတင်က ဆက်လက် ပြောကြားခဲ့ပါတယ်။

 

တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အတွက် မိမိတို့တွေဟာ အချင်းချင်း အကောင်းဆုံး ဆက်လက်ကူညီကြမှာဖြစ်ကြောင်း၊ ဒါဟာ အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးလည်းဖြစ်သူ အနူတင်က ဆက်လက် ပြောပါတယ်။ ။

 

ဆီနိုဗက်ဟာ အဓိကကာကွယ်ဆေးဖြစ်လာ

 

တရုတ်နိုင်ငံရဲ့ ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ထိုင်းနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ ကာကွယ်ဆေးဖြစ်သလို အဲဒီကာကွယ်ဆေးကို အနူတင်က ပထမအကြိမ် ထိုးနှံနိုင်ခဲ့ပါတယ်။ ဆီနိုဗက် ကိုဗစ်- ၁၉ ကာကွယ်ဆေးဟာ ထိုင်းနိုင်ငံအတွင်း ကိုဗစ်- ၁၉ ကာကွယ်ဆေး စတင်ထိုးတဲ့နေရာမှာ အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ ထိုင်းပြည်သူတွေကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံ ပေးတဲ့နေရာမှာ အဓိကကာကွယ်ဆေးလည်း ဖြစ်ခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်ကုန်မှာ လူဦးရေအတော်များများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးမှာ ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်နဲ့ဖြန့်ချိဖို့လို

 

ထိုင်းနိုင်ငံဟာ ကိုဗစ်- ၁၉ လှိုင်းဂယက်ကို အဆိုးဆုံး ရင်ဆိုင်ခံစားနေရတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူ့ရဲ့ ဆေးဘက်ဆိုင်ရာ စနစ်ဟာလည်း မနိုင်ဝန်ထမ်းနေရသလိုဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်နဲ့ ဖြန့်ချိနိုင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးအသုတ်ပေါင်း ၁၉ သုတ် ပေးပို့ပြီး ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်- ၁၉ အခြေအနေ ဆိုးရွားနေသည့်တိုင် ထိုင်းနိုင်ငံအနေနဲ့ လမ်းဖွင့်ထားတဲ့ အစီအစဉ်ရှိနေသေးတယ်လို့ အနူတင်က ပြောပါတယ်။

 

နိုင်ငံခြားခရီးသွားတွေကို ပိုမိုကြိုဆိုသွားမယ်

 

ကိုဗစ်- ၁၉ အခြေအနေဟာ လာမယ့်လအနည်းငယ်အတွင်းမှာ ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံက နိုင်ငံခြားခရီးသွားတွေကို ခါတိုင်းထက် ပိုမိုကြိုဆို သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

နိုင်ငံခြားခရီးသွားတွေကို မှီခိုနေရတဲ့ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားကဏ္ဍကို ပြန်လည်တိုးတက်အောင် ဖော်ဆောင်သွားမှာဖြစ်ပြီး ခရီးသွားကဏ္ဍကို ပြန်လည်အသက်သွင်းသွားမယ်လို့ သူက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ဒီနှစ်နောက်ပိုင်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို အပြည့်အဝ လမ်းဖွင့်ပေးသွားဖို့လည်း စီစဉ်ထားပါတယ်။ ။

 

ကြောက်စရာကောင်းပါတယ်

 

ကိုဗစ်- ၁၉ စီမံခန့်ခွဲရေးစင်တာကတော့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉သတိပေးချက်ကို အတည်ပြုခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ဒယ်လ်တာကိုဗစ်- ၁၉ အသွင်ပြောင်းမျိုးစိတ်သစ် လွှမ်းမိုးဖြစ်ပေါ်လာတာ ကြောက်စရာကောင်းပါတယ်။

 

ဒယ်လ်တာကိုဗစ်- ၁၉ အသွင်ပြောင်းမျိုးစိတ်သစ်ကို ပထမဆုံး အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒယ်လ်တာအသွင်ပြောင်း မျိုးစိတ်သစ်ဟာ တခြား ကိုဗစ်- ၁၉ ဗိုင်းရပ်စ်တွေထက် ပိုမို ကြောက်စရာကောင်းပြီး ပိုမိုကူးစက်မြန်ပါတယ်။

 

ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ တွေရဲ့ ၅၂ ရာခိုင်နှုန်းလောက်ဟာ ဒီမျိုးစိတ်သစ်ကြောင့်ဖြစ်ပါတယ်။ ဒီပမာဏဟာ ဇွန် ၂၁ ရက်မှ ဇွန် ၂၇ ရက်အထိဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ရဲ့ နှစ်ဆကျော်ဖြစ်ပါတယ်။

 

တတိယလှိုင်းကို ထိန်းသိမ်းနိုင်ဖို့အကောင်းဆုံးကြိုးစား

 

ထိုင်းနိုင်ငံဟာ ကိုဗစ်- ၁၉ တတိယလှိုင်းဂယက် ကူးစက်ဖြစ်ပွားလာတာကို ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ကိုဗစ်- ၁၉ တတိယလှိုင်းဟာ ထိုင်းနိုင်ငံ အတွက်တော့ ခုချိန်အထိ အဆိုးဆုံးလို့ပြောရမှာ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၁၁ သန်းကျော် ထိုးပေးခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေသန်း ၇၀ နီးပါးရဲ့ ၇၀ ရာခိုင်နှုန်းကို အခုနှစ်ကုန်မှာ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ထိုင်းအစိုးရဟာ အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ။

 

ကိုးကား- ဆင်ဟွာ