ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ကွာရန်တင်းကင်းလွတ် ခရီးသွားလာခြင်းကို စတင်ဖွင့်လှစ်ရန် ဩစတြေးလျစီစဉ်

ကင်ဘာရာ နိုဝင်ဘာ ၁၂

 

သြစတြေးလျနိုင်ငံသည် ကမ္ဘာကြီးသို့တဖြည်းဖြည်း ပြန်လည်လမ်းဖွင့်လာမှုနှင့်အတူ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် ခရီးသွားအစီအစဉ်တစ်ခုကို စတင်ရန် စီစဉ်လိုက်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြား ခဲ့သည်။

 

၁၈ လကျော်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် သြစတြေးလျနှင့် အာရှနှစ်နိုင်ငံကြား ကွာရန်တင်း ကင်းလွတ်ခရီးသွားလာခြင်း ကို မကြာမီပြန်လည် စတင်တော့မည်ဖြစ်ကြောင်း ဗစ်တိုးရီးယား ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များကို မော်ရစ်ဆင်က မကြာသေးမီတွင် ပြောကြားလိုက်သည်။ ။

 

တနင်္လာနေ့မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ဩစတြေးလျနိုင်ငံသားများသည် စင်ကာပူနိုင်ငံသို့ ကွာရန်တင်းမလိုဘဲ သွားလာနိုင်မည်ဖြစ်သည်။

 

နိုဝင်ဘာ ၂၁ ရက်မှစကာ သြစတြေးလျနိုင်ငံ၏ နယ်စပ်များကိုလည်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်။ စင်ကာပူနိုင်ငံမှ ခရီးသွားများသည် ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီသို့ ပျံသန်းသွားလာရာတွင် ကွာရန်တင်း ဝင်စရာမလိုကြောင်း သိရသည်။

 

စင်ကာပူနိုင်ငံသည် နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ထို့နောက် မကြာမီ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့လည်း လျင်လျင်မြန်မြန် ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနှစ်မကုန်မီတွင် ယခုထက်ပိုမိုဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း မော်ရစ်ဆင်က နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်သည်။ ထို့အပြင် မကြာမီနိုင်ငံတကာကျောင်းသားများနှင့် ကျွမ်းကျင်အလုပ်သမားများကိုလည်း ဩစတြေးလျနိုင်ငံသို့ ကွာရန်တင်းမလိုဘဲ ပြန်လည် လာရောက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ယခုနှစ်မကုန်ခင် ကျောင်းသားတွေ ပြန်လာလိမ့်မည်ဟု မော်ရစ်ဆင်ကပြောသည်။ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်နေချိန်၌ ကြာသပတေးနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ထပ်မံဖြစ်ပွားသူ ၁၅၀၀ ကျော်ရှိပြီး ငါးဦးထပ်မံသေဆုံးခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်အထိ အသက် ၁၆ နှစ်နှင့်အထက် သြစတြေးလျနိုင်ငံသား ၈၉ ဒသမ ၇ ရာခိုင်နှုန်း အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးပြီဖြစ်ကာ ၈၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆင်ဟွာ