ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေး နေရပ်ပြန်  မြန်မာငါးဖမ်း သင်္ဘောလုပ်သားများအား ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း ၊  ၂  ဇူလိုင်

 

ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာနေသည့် ကိုဗစ် - ၁၉ရောဂါ ပြည်တွင်းကူးစက်မှုအပြင် ပြည်ပမှ ကူးစက်မှုများ မဖြစ်ပေါ်လာစေရေး ယမန်နေ့ညနေပိုင်းက တာဝန်ပြီးဆုံး၍ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်   နေရပ်ပြန်  မြန်မာငါးဖမ်းသင်္ဘောလုပ်သား ၅၂ ဦး အား ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ကြောင်းသိရသည်။

 

အဆိုပါ ငါးဖမ်းသင်္ဘောလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံပိုင် HAN RONG 368 ငါးဖမ်းသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး တာဝန်များပြီးဆုံး၍ Sign off ထွက်လာကာ တရုတ်နိုင်ငံမှတဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

 

ပြန်လည်ဝင်ရောက်လာသည့် ငါးဖမ်းသင်္ဘောလုပ်သားများအား ကော့သောင်းမြို့ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်ပမှတစ်ဆင့် ဝင်ရောက်ကူးစက်မှု မဖြစ်ပေါ်စေရေး ကော့သောင်းမြို့တွင် Hotel Quarantine ၁၄ ရက် ထားရှိ စောင့်ကြည့်မှု ခံယူကြမည်ဖြစ်သည်။

 

ကော့သောင်းမြို့အနေဖြင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှု အသွင်ဖြင့် ရောဂါပိုးရှိသူများအား နေ့စဉ်နီးပါး စစ်ဆေးပေါ်ပေါက်လျက်ရှိပြီး ယခင်ကာလများက ပြည်ပမှ ဝင်ရောက်လာသည့် မြန်မာသင်္ဘောသားများထံမှလည်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများ ပေါ်ပေါက်ခဲ့ဖူးသဖြင့် ပြည်ပကူးစက်မှုများ ထပ်မံမပေါ်ပေါက်စေရန် ကျန်းမာရေးဌာနအပါအဝင် ဒေသတာဝန်ရှိ အဖွဲ့အစည်းများက ရောဂါထိန်းချုပ်ရေး အထူးသတိပြု ကြပ်မတ်စစ်ဆေး စောင့်ကြည့်မှုများကိုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)