ကိုဗစ်အန္တရာယ်နှင့် ရန်ကုန်

ရန်ကုန်မြို့၏ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအခြေအနေ အနိမ့်အမြင့် အတက်အကျ ဇယားကို နိုင်ငံအဝန်းက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ရန်ကုန်က မြန်မာနိုင်ငံ၏ ဗဟိုချက်ကဲ့သို့ဖြစ်နေပြီး အရေးအကြောင်းကြီးငယ်ပေါ်လျှင် အဓိကကျသော ကျန်းမာရေး အစောင့်အရှောက်ကလည်း အခြားဒေသတို့နှင့် နှိုင်းစာလျှင် ပို၍ စုံစုံလင်လင်ရှိ၏။

 

ထို့ပြင် အားကိုးရသော ကျန်းမာရေးအထောက်အပံ့များက အတော်အတန် ပြည့်စုံခြင်းကလည်း တစ်ကြောင်းဖြစ်ပါ၏။ ထို့ပြင် ရန်ကုန်မြို့တွင် နယ်အသီးသီးကလူအထွေထွေနေထိုင်ကြ၏။ ယာယီလာရောက်နေကြသူ အများအပြားရှိသကဲ့သို့ အခြေချနေထိုင်သူတို့ကလည်း အမြောက်အမြားဖြစ်၏။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး၏ ဆုံမှတ်သဖွယ်ဖြစ်နေပေရာ အားလုံးက သတိကြီးစွာ စောင့်ကြည့်နေရ၏။ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ရန်ကုန်မြို့က ထိထိရောက်ရောက် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ရေးသည် တစ်နိုင်ငံလုံးအတွက် အရေးပါသည် ဟု ခံစားနားလည်မိကြခြင်းကလည်းတစ်ကြောင်း ဖြစ်ပါမည်။

 

လွန်ခဲ့သော သြဂုတ်လကုန် စက်တင်ဘာလဆန်းတွင် ကိုဗစ်- ၁၉ ဒုတိယလှိုင်း ရန်ကုန်မြို့သို့ အရှိန်ဖြင့် ဝင်လာစဉ်က  စတင်ကာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှာ ရုတ်တရက်ဆိုသလို တစ်ဟုန်ထိုးမြင့်မားသွားခဲ့သည်။ ရောဂါပိုးရှိသည်ဟု ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ဇယားသည် တရိပ်ရိပ်မြင့်တက်လာခဲ့သည်။ ယင်းကို ချက်ချင်းပြန်လည် ခုခံကာကွယ်နိုင်ရေး နည်းလမ်းစုံကို ချမှတ်ပြဋ္ဌာန်းကာ ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်နှင့် တစ်ပြိုင်နက်တည်းတွင် ရောဂါဖြစ်ပွား ဝေဒနာခံစားနေရသူများ သက်သာပျောက်ကင်း အောင်ကုသရန် တို့ကို ကြိုးစားခဲ့ကြရပါသည်။

 

အဆိုပါ ရောဂါပိုးပြန့်ပွားမှုကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးတို့တွင် ကျန်းမာရေးဆိုင်ရာ နားလည်တတ်ကျွမ်းသူ ပညာရှင်များ၊ အရေးပေါ်အခြေအနေကို စီမံခန့်ခွဲနိုင်သူများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ ကူညီလုပ်ကိုင်နေကြသည့် စေတနာ့ဝန်ထမ်းများ၊ ငွေကြေး လှူဒါန်းသူ၊ ရေ၊ အစားအသောက်၊ ဆေးဝါးနှင့် ရောဂါပိုး ကာကွယ်ရေးဆိုင်ရာ အထွေထွေလိုအပ်ချက်များကို လှူဒါန်းသူ ပြည်သူအစိတ်အပိုင်း အသီးသီး၏ တစုတစည်း တညီတညွတ် တည်း ဝိုင်းဝန်းကြမှုက များစွာအရေးပါခဲ့ပါသည်။

 

ယနေ့ ရန်ကုန်မြို့၏ အခြေအနေက ထိန်းချုပ်နိုင်ပြီဟု ကြွေးကြော် လက်မထောင်နိုင်မည့် အနေအထားမဟုတ်သေး။ တရိပ်ရိပ်တက်လာမှု တန့်သွားသည်ဟုမူ ဆိုနိုင်ပါသည်။ အရှိန် ပြင်းပြင်းဖြင့် ကူးစက်မှုနှုန်းတက်နေရာက ယခုအခါ ထိန်းချုပ်နိုင်ခြေရှိသည့် လမ်းကြောင်း ဘက်ဆီသို့ ဝင်ရောက်လာသည့် တူရူကို တွေ့ရပါသည်။

 

တစ်ဟုန်ထိုးတိုးလာသည့် ရောဂါပိုးကူးစက်ခံရသောသူ အရေအတွက်သည် အမြင့်ဆုံး ထိုးတက်နေရာမှ တဖြည်းဖြည်းချင်း တန့်ရပ်လာသည်ကို တွေ့ရပါသည်။ လုံးဝကျဆင်း လာခြင်းမျိုး မဟုတ်ဘဲ၊ ဆင်းလာလိုက် အနည်းငယ်ပြန်တက်လိုက်၊ ထို့နောက် ပြန်ဆင်းလိုက် ဆိုသည့်ပုံစံကို မြင်ရပါသည်။ တန့်ရပ်သည်ဟု ဆိုသော်လည်း ပိုးပြန့်ပွားမှုက အတိုးအဆုတ်နှင့် ရှိနေသေးသည် ဖြစ်ရာ အစွမ်းကုန် သတိထားနေထိုင်ကြရန် လိုအပ်သည်မှာ အမှန်ဖြစ်ပါသည်။

 

ရောဂါပိုးပြန့်ပွားမှုကို လုံးဝပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ရေးအတွက် အားလုံးဆက်လက် အားထုတ်ကြရပါဦးမည်။ စီမံခန့်ခွဲနေသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင် ကြိုးစားနေကြသည်နှင့်အပြိုင် ပြည်သူလူထုကလည်း မိမိတို့၏ စည်းကမ်းလိုက်နာမှု၊ အသိနှင့် သတိကြီးမှုတို့ဖြင့် ဝိုင်းကြ၊ ဝန်းကြရန်လိုပါသည်။

 

ကိုဗစ်ရောဂါပိုးပြန့်ပွားမှုသည် လူစုလူဝေးက အများဆုံးဖြစ်ကြောင်း တစ်ကမ္ဘာလုံးက ပညာရှင်များက အတည်ပြု ပြောကြားခဲ့ပြီးဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံသားတို့သည် လူစုလူဝေးမဖြစ်အောင် နေထိုင်ကြရုံမျှဖြင့် ရောဂါပိုးပြန့်ပွားမှုကို များစွာကာကွယ်နိုင်မည်ဆိုခြင်းကို အလေးအနက်ပြုကြရန် လိုပါသည်။ထို့နည်းတူ ပြည်သူတစ်ဦးချင်းအနေဖြင့် စနစ်တကျဖြင့် မကြာခဏ လက်ဆေးခြင်း၊ အိမ်တွင်းမှာသာ နေထိုင်ခြင်း၊ အပြင်သို့ မဖြစ်မနေထွက်ရမည် ဆိုလျှင်လည်း နှာခေါင်းစည်း မျက်နှာဖုံးတို့ကို ဝတ်ဆင်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေခွာကာ စကားပြောဆို ဆက်ဆံခြင်းစသည့် အခြေခံ ရောဂါပိုးထိန်းချုပ် ကာကွယ်ရေး စည်းမျဉ်းတို့ကို စောင့်ထိန်းလိုက်နာခြင်းဖြင့် မကြာမီကာလတွင် ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ပြိိ်