ကိုဗစ်ကာကွယ်ဆေး၀ယ်ယူရန် PEP နို့မှုန့်က သိန်း ၅၀၀ လှူဒါန်း

ရန်ကုန် ၁၈ ဇန်နဝါရီ

Red Horse Dairy Industries Ltd. PEP နို့မှုန့်မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာ့စီးပွားရေးဘဏ် စာရင်းအမှတ် (OA 013733) သို့ ငွေကျပ်သိန်း (၅၀၀) နှင့် ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းငွေ ကျပ် ၃,၂၄၁,၀၀၀ ကို ဇန်နဝါရီ ၁၂ ရက်က ပေးသွင်းလှူဒါန်းခဲ့ရာ လှူဒါန်းမှုအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ဒုတိယအပတ်က ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Red Horse Dairy Industries Limited မှ မန်နေဂျာ ဦးထွန်းထွန်းလေးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ ငွေကျပ် ၅၄၀,၀၀၀ တန်ဖိုးရှိ PEP အမှတ်တံဆိပ် UHT နို့ရည်ဘူးများ လှူဒါန်းခဲ့သည်။

အာကာစိုး