ကိုဗစ်ကာလ ရန်ကုန်ဆောက်လုပ်ရေးကဏ္ဍ

 

ရှင်နော်

 

ကိုဗစ် - ၁၉ တည်းဟူသော ကပ်ရောဂါဆိုးကို စနစ်တကျထိန်းချုပ်နိုင်မှုကြောင့် ရန်ကုန်မြို့တော်က ပြန်လည်စည်ကားစပြုနေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်လခန့်က တိတ်ဆိတ်ခြောက်သွေ့ခဲ့သော မြို့တော်ရန်ကုန်၏ လမ်းမများသည် သက်ဝင်လှုပ်ရှားစ ပြုလျက်ရှိသည်။ ဌာနဆိုင်ရာရုံးများ၊ စီးပွားရေးလုပ်ငန်းများမှာ ပုံမှန်နီးပါး ပြန်လည် လည်ပတ်လျက်ရှိသည်။ နဂိုမူလရှိရင်းစွဲ ရန်ကုန်မြို့၏ အခြေအနေကို ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်း လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များက တဖြည်းဖြည်း ပြန်လည်အစပျိုးနေပြီ ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် ရှိရင်းစွဲလူဦးရေ သာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင် နေထိုင်စားသောက်လျက်ရှိသော အခြေခံလူတန်းစားပေါင်း မြောက်မြားစွာရှိသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အကောင်းဆုံး မြို့ကြီးတစ်မြို့ဖြစ်သည့် အလျောက် လူထုလူတန်းစားပေါင်းစုံ လာရောက်အမှီ သဟဲပြုနေကြသည်။ ကြုံရာကျပန်းလုပ်ကိုင် စားသောက်ရင်း ဘဝရပ်တည်ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသည်။ ယင်းအခြေခံလူတန်းစားများ ထဲတွင် ဆောက်လုပ်ရေးဆိုင်ရာလုပ်သားများလည်း ပါဝင် သည်။

ရန်ကုန်မြို့တွင် တိုင်းဒေသကြီးအတွင်း တည်ဆောက် လျက်ရှိသော ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများစွာ ရှိသည်။ ပုဂ္ဂလိကပိုင် တည်ဆောက်နေသော အဆောက် အအုံများ၊ အစိုးရတင်ဒါဖြင့် တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံများအစရှိသည်တို့က ရန်ကုန်မြို့အနှံ့ တည်ဆောက်နေကြသည်။ ယင်းဆောက်လုပ်ရေး လုပ်ငန်းများသည် ဆောက်လုပ်ရေးလုပ်သား များစွာ တို့၏ လုပ်အားဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံအတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းနှင့် ဧပြီလမှစ၍ လုပ်ငန်း များအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရသည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ် အလုပ်သမား၊ ဝန်ထမ်းရရှိမှုခက်ခဲခြင်း၊ ပြည်ပမှ တင်သွင်းရသော ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ် ခြင်း၊ ပြည်တွင်းသွားလာမှု

အကန့်အသတ်များကြောင့် ကားနှင့် ယာဉ် မောင်းများသွားလာရန် အခက်အခဲရှိခြင်းများ ကြုံတွေ့ခဲ့ရသည်။ ငွေကြေးပိုင်းနှင့် ပတ်သက် ၍ ပစ္စည်းဝယ်ယူ ရာတွင်လည်း အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

မဖြစ်မနေ လုပ်ငန်းကို ဆောင်ရွက်နေရ

လက်ရှိအချိန်တွင် ဆောက်လုပ်ရေး ဝန်ထမ်းများနှင့် အလုပ်သမားများ၏ စားဝတ် နေရေးအခက်အခဲ ဖြေရှင်းပေးနိုင်ရန်နှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မှုအတွက် အလျဉ် မမီမှုများ ရှိလာနိုင်သည့်အတွက် မဖြစ်မနေ လုပ်ငန်းကို ဆောင်ရွက်နေရကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

၂၀၂၀ ပြည့်နှစ်၏ မေလ နောက်ဆုံး သီတင်းပတ် ဆက်သွယ်မေးမြန်းမှုများအရ နိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားရာတွင် “မေလလောက် မှာတော့ အလုပ်လေးတွေ နည်းနည်းပြန်ပြီး စလုပ်လာပါတယ်။ အခုရက်ပိုင်းက လော့ဒေါင်း ကာလလည်း လွန်မြောက်တော့မယ်ဆိုတော့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်တော့ ပြန်ပြီးလုပ်နေကြပါပြီ” ဟု ပြောသည်။

အခက်အခဲများကို ရင်ဆိုင်ခဲ့

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ဆဲကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံနှင့်ပတ်သက် သော တင်ဒါဆိုင်ရာကိစ္စရပ်များတွင် ရုံးဖွင့် သော်လည်း ရုံးအတွင်းဝင်ခွင့်မရခြင်း၊ နေပြည် တော်၌ သွားလာမှုစောင့်ကြည့်ကန့်သတ်ခံရမည့် ကိစ္စရပ်များကြောင့် ငွေထုတ်ယူရန် ခက်ခဲခြင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေအတွက် လုပ်ငန်း များ ပြန်လည်သိမ်းယူခံရခြင်း စသောအခက် အခဲများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ် ရေးလုပ်ငန်းများ ပြန်လည်စတင်ရာတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အလုပ်သမားနှင့် ဝန်ထမ်းများ ရောဂါကူးစက်မှု မရှိစေရေး အတွက် လုပ်ငန်းခွင်အတွင်း လက်ဆေးကန် ထားရှိခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင် စေခြင်း၊ လုပ်ငန်းခွင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် အလုပ်လုပ်ကိုင်နိုင် ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် ဆောက်လုပ် ရေးလုပ်ငန်းရှင်များကို လမ်းညွှန်ထားသည်။

ပါဝင်အလုပ်လုပ်ကိုင်

လွန်ခဲ့သော ဆယ်စုနှစ်များက ပုဂ္ဂလိက ပိုင် အဆောက်အအုံများနေရာတွင် အခန်းပေး အခန်းယူကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်း ခွင်များ ရေပန်းစားခဲ့သော်လည်း ခေတ်ကာလ အပြောင်းအလဲများကြား၌ လူနေအိမ်ခန်း ပေါင်းများစွာပါဝင်သော အဆောက်အအုံများ၊ သွားလာမှုအချက်အချာကျသော နေရာများ တွင် စီးပွားရေးမြို့ကြီးများ တည်ဆောက်မှုက ပို၍အရေးပါလာခဲ့သည်။ မြန်မာကျပ်ငွေ သန်းပေါင်းများစွာ သုံးစွဲတည်ဆောက်မည့် အဆိုပါ အဆောက်အဦကြီးများကို ပြည်ပ လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံ့လုပ်ကိုင်လာ ခဲ့ကြသည်။ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကြီးများတွင် ဆောက်လုပ်ရေးလုပ်သား များစွာတို့ ပါဝင်အလုပ်လုပ်ကိုင်လျက်ရှိ ကြသည်။

နံနက်လုပ်ငန်းခွင် အဝင်နှင့် ညနေ အိမ်အပြန်ခရီးတွင် စက်ဘီးကိုယ်စီစီးကာ လမ်းများပေါ်သွားလာနေသော ဆောက်လုပ် ရေးလုပ်သားများစွာကို ငေးကြည့်ရင်း ဆောက်လုပ်ရေးလုပ်ငန်းများသည် အခြေခံ လူတန်းစားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင် သည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာလအလွန်တွင် နိုင်ငံအတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက် ဖြစ်ထွန်းနိုင်ပါစေကြောင်း အတွေးနယ်ချဲ့မိ နေပါတော့သည်။ ။

 

မြန်မာ့အလင်း