ကိုဗစ်ကာလ သံဝေဂဖြင့်

ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခုကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲသွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။

 

လူတို့၏ အနေအထိုင်၊ အပြုအမူပုံစံသစ်ဟုဆိုနေရသော်လည်း အတွေးအမြင် အယူအဆတို့ကပါ လိုက်ပါပြောင်းလဲ လာနေသည်ကို သတိပြုမိနိုင်ပါသည်။ လူများစု၏ အပြုအမူ၊ အတွေးအမြင် အယူအဆတို့သည် ကောင်းဘက် ကုသိုလ်ဖြစ်ရေးဘက်သို့ ပို၍အလေးများလာကြ၏။

 

လောကသဘာဝအရ အချို့သောသူတို့သည်ကား ကိုယ်ကျိုးအတ္တများဖြင့် မမောနိုင်မပန်းနိုင် နပန်းလုံးနေကြဆဲ၊ အမှားအမှန်ကို ကွဲပြားရှင်းလင်းစွာ မခွဲခြားနိုင်ဖြစ်နေဆဲ၊ ကြီးမားသောအောင်မြင်မှုများကို နှလုံးမသွင်းနိုင်၊ အသေးအဖွဲမျှသာဖြစ်သော ဆုံးရှုံးမှုများကို ကြိတ်မနိုင်ခဲမရဖြစ်နေဆဲ၊ ငိုညည်းချင်းများကိုသာ တဖွဖွရွတ်ရင်း သောကဗျာပါဒ ပရိဒေဝဒေါမနဿတို့ဖြင့် နစ်နေဆဲ စသည်ဖြင့် ဖြစ်နေကြသော်လည်း လူအများစုမှာမူ ပေါ်ပေါက်လာသော ကပ်ရောဂါကိုမူတည်၍ မိမိတို့၏လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့၏ အကျိုးမဲ့ပုံကို ရိပ်စားမိလာကြပြီ။ ကိုယ်ကျိုးအတ္တများဖြင့် ပူလောင်နေသောလောကကြီး၏ ဒုက္ခသစ္စာကို နားလည်ကြသူက အများအပြားဟု မြင်ပါ၏။

 

ထို့ကြောင့်လည်း မိမိတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကို အခြားသူတို့၏ ပြဿနာများနှင့် ယှဉ်တွဲရှုမြင်လာကြသည်။ မိမိတို့တစ်ဦးတည်း၏ အကျပ်အတည်းမဟုတ်ဘဲ ဆင်းရဲချမ်းသာမဟူ၊ လူတိုင်းကြုံတွေ့ နေရသော ကျန်းမာရေးပြဿနာအဖြစ် နားလည်သတိပြုမိလာသည်။ ယင်းကဲ့သို့ နားလည်လာသည်နှင့်အမျှ လူလူချင်း စာနာတတ်လာသည်။ အသေးအဖွဲမှအစ စာစာနာနာရှိကြဖို့ ကိုယ်တိုင်သတိထားမိကြရုံမက မိမိတို့နှင့် နီးစပ်ရာအချင်းချင်းကိုလည်း သတိပေးနေကြသည်။

 

မိမိပတ်ဝန်းကျင်ရှိ အဆင်မပြေသူများကို စာနာကြ၏။ ကိုယ့်လောက်မှ မပြေလည်သူများကို တတ်နိုင်သလောက် ကူညီချင်ကြသည်။ ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားလာကြသည်။ ကိုဗစ် ထိန်းချုပ်ရေးဗဟိုနှင့် ဆေးရုံများရှိ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတများကို အစားအသောက်များ လှူချင်၊ ပို့ချင်၊ ကျွေးချင်ကြသည်။ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများကို ယခင်ကထက် ပိုမိုဂရုစိုက်ကြ၊ ဝိုင်းဝန်းကူညီကြ၊ ချစ်ခင်ကြင်နာမှုကို ပြသရန် အားထုတ်လာကြသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေဆိုလျှင်လည်း လှူကြမည်။ ဆေးရုံများတွင်လိုအပ်သော အောက်ဆီဂျင် ထုတ်လုပ်ရေး ပင်မစက်များဆိုလျှင်လည်း လှူကြမည်။ နှာခေါင်းစည်းများလိုသည်၊ ပီပီအီးဝတ်စုံများလိုသည်ဟု သတင်းကြားလျှင် လှူကြမည်။ အလုပ်အကိုင်နှင့် ဝင်ငွေခက်ခဲလာ၍ စားဝတ်နေရေး ကျပ်တည်းနေကြသူများကို ဆန်ဆီ အစရှိသည့် အစားအစာ၊ အဝတ်အထည်များပေးလှူကြရန် ဆော်ဩကြ၊ ကိုယ်တိုင်လည်း လှူဒါန်းလုပ်ကြ သည်။

 

ပုံမှန်ဆိုလျှင် ကိုယ်ရေးကိုယ်တာများဖြင့် ဗျာများနေရသည့်နေရာတွင် အခြားသူတို့အတွက် အချိန်ပေးစဉ်းစားလာ ကြသည်။

 

သည်လိုနှင့် တွေဝေမိုက်မဲမှု၊ မကောင်းမှုပြုမှုများနှင့် ဝေးလာ၏။ လိုချင်တပ်မက်ခြင်း နည်းပါးလာ၏။ ထောင်လွှားခြင်း၊ အမျက်ထွက်ခြင်းတို့က အလိုအလျောက်လျော့ပါးလာ၏။ သူတစ်ပါးကို မေတ္တာစိတ်ပိုထားလာ နိုင်ကြ၏။ ကရုဏာထားနိုင်လာကြ၏။ မုဒိတာလည်း ပွားလာနိုင်ကြ၏။ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ လောကဓံတရားတို့နှင့် ကြုံတွေ့လာရသည်ကို သင့်သင့်တင့်တင့် နှလုံးသွင်းနေနိုင်လာကြ၏။ အလွန်အကျူး ပူပန်သောကဖြစ်မှု၊ စိုးရိမ်ကြီးလွန်းမှုတို့ကို ရှောင်နိုင်လာ၏။ ရောင့်ရဲတင်းတိမ်လွယ်သူများ ဖြစ်လာကြ၏။

 

ဤကဲ့သို့ လူအများအပြား၏ ရင်တွင်းသို့ တိုးဝင်စူးနစ်လာသော စိတ်သဘောထားနှင့် စိတ်စေတနာအခြေခံတို့သည် လူတစ်ဦးချင်း၏ စိတ်အေးချမ်းသာယာမှုနှင့်အတူ လောကကောင်းကျိုး၊ လောကငြိမ်းချမ်းရေးကို ရှေးရှုလာခြင်းပင် ဖြစ်ရာ ကိုဗစ်ကပ်ရောဂါကာလ သံဝေဂတရားဟု ဆိုရပါမည်တည်း။   ။

မြန်မာ့အလင်း