ကိုဗစ်နိုင်တင်းမဖြစ်အောင် ကလေးတို့ကာကွယ်နိုင်တဲ့အရာတွေ

၂၃ ဩဂုတ်

 

မင်္ဂလာပါကလေးတို့ရေ။ အားလုံး သိပြီး ကြမှာပေါ့နော်။ ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါက မမတို့နိုင်ငံမှာ ပြန်ပြီး ဖြစ်လာပြန်ပြီ။ ဒါကြောင့် ကလေးတို့ ကျောင်းတွေလည်း ဖွင့်ဖို့က စောင့်ကြရဦးမှာပေါ့ကွယ်။ ဒီအတော အတွင်းမှာ ကာကွယ်ဖို့ အချို့နည်းလမ်း လေးတွေကိုလည်း မမက ထပ်ပြောပြချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါက ကိုယ့်ကို မကူးစက်အောင် ကာကွယ်ရမယ့် အပြင် ကိုယ့်ကြောင့်လည်း သူများကို မကူး စက်အောင်ကာကွယ်မှသာ ကလေးတို့က လူတော်လူကောင်းလေးတွေ ဖြစ်လာမှာမို့ပါ။ ဒါကလည်း ယဉ်ကျေးမှုတစ်ခုပဲလေ။

 

လက်တွေကိုသန့်ရှင်းအောင်ထားပါ

 

ကလေးတို့လည်း သိကြမှာပေါ့နော်။ ကိုဗစ်-၁၉ ရောဂါက ရေနဲ့ ဆပ်ပြာကို သိပ်ကိုကြောက်တယ်ဆိုတာကိုပါ။ သူက တစ်နေရာမှာရှိနေတတ်ပြီး ကလေးတို့ဆီကို လာဖို့ပြင်နေတယ်ဆိုတာကို ဘယ်တော့မှ မမေ့ရဘူးနော်။ သူက ကလေးတို့ရဲ့ လက်ချောင်းလေးတွေကနေ တစ်ဆင့် နှာခေါင်း၊ ပါးစပ်တွေကနေ ကလေးတို့ရဲ့ ခန္ဓာကိုယ်ထဲက အဆုတ်အထိသွားပြီး နေရာ ယူချင်တာလေ။ ဒါကို ကာကွယ်ဖို့အတွက် လက်တွေကို မကြာခဏ ဆပ်ပြာနဲ့ ဆေးကြောကြဖို့တော့ လုံး၀လုံး၀ မမေ့ ရဘူးနော်။

 

အကွာအဝေးကို ဂရုစိုက်ပါ

 

အခုဆိုရင် မုန့်ဆိုင်တွေ၊ စားသောက် ဆိုင်တွေနဲ့ အချို့နေရာတွေက ပြန်ပြီး ဖွင့်နေကြတာကို မမ သတိထားမိတယ်။ ကလေးတို့ရော အိမ်ထဲမှာ နေရတာ ကြာတော့ အပြင်ထွက်ချင်နေကြပြီ မဟုတ် လား။ ဒါပေမယ့် ဖြစ်နိုင်ရင် အပြင်ကို အကြောင်းမရှိဘဲ မသွားသင့်သေးဘူးလို့ မမက သတိပေးပါရစေ။ ကိုဗစ်-၁၉ ရောဂါပိုး တွေဟာ လေထဲကနေတစ်ဆင့် ပျံ့နှံ့နိုင်ပြီး အရာဝတ္ထုတွေပေါ်မှာလည်း နာရီအကြာကြီး ကပ်နေနိုင်တဲ့အတွက် လူများတဲ့နေရာကို သွားလေလေ ကလေးတို့ ကူးစက်နိုင်မယ့် အခြေအနေ ရှိလေလေမို့ သတိထားပြီး နေထိုင်သင့်ပါတယ်။

 

အိမ်ကိုသန့်ရှင်းအောင်ထားပါ

 

ဧည့်သည်လာရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အိမ်သားတွေ အပြင်က ပြန်လာရင်ဖြစ်ဖြစ် လက်ကို ဆေးပြီးမှ ဘယ်အရာကိုမဆို ကိုင်တွယ်ရမယ်ဆိုတဲ့ စည်းကမ်းချက် ကလေးကို ထားဖို့လည်း မမက တိုက်တွန်း ပါတယ်။ သန့်ရှင်းရေးကို နေ့စဉ်လုပ်ရမှာ ဖြစ်သလို ကလေးတို့ရဲ့ ကစားစရာတွေ ကိုလည်း ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောသန့်ရှင်း ပေးဖို့ လိုပါတယ်။ ဒါမှလည်း ဗိုင်းရပ်စ်က ကလေးတို့အိမ်မှာ ကပ်တွယ်မနေနိုင်တော့ မှာပေါ့နော်။ ဒါတင်မကသေးပါဘူး။ အဝတ် တွေကို ခြောက်သွေ့သန့်ရှင်းအောင် ထား တာ၊ လေကောင်းလေသန့် ရရှိအောင် ထားတာနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားတာက ဗိုင်းရပ်စ်ကို တားဆီးပေးဖို့ အကောင်း ဆုံး နည်းလမ်းတွေပဲတဲ့။

 

မျက်နှာဖုံးလေးတွေ တပ်ထားပါ

 

ကလေးတို့အားလုံး နှာခေါင်းစည်း မျက်နှာဖုံးလေးတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့ မမက ထင်ပါတယ်။ အမှန် တကယ်လည်း အပြင်ကိုသွားတိုင်း နှာခေါင်း နဲ့ ပါးစပ်ကို ဖုံးထားတဲ့ မက်စ်(Mask) ကို တပ်ဖြစ်အောင် တပ်ရမှာပါ။ ဒါက ကလေးတို့ အားလုံးကို ကိုဗစ်-၁၉ ကနေ ကာကွယ် ပေးမယ့် အရာလေးပါ။ ဒါကြောင့် အပြင်သွား တိုင်း Mask ကို တစ်ချိန်လုံး တပ်ထားမယ်။ မတော်လို့ ခဏချွတ်တယ်ဆိုရင်လည်း အနားမှာ ဘယ်သူမှ ရှိမနေသင့်ဘူးနော်။

 

ကိုဗစ်-၁၉ ရောဂါက ကမ္ဘာမှာရော၊ မမတို့နိုင်ငံမှာပါ ဆက်ပြီးရှိနေဦးမှာ ဖြစ်တာ ကြောင့် ကာကွယ်မှုတွေကို မရပ်လိုက်ဘဲ ဆက်ပြီး ကာကွယ်နေကြရအောင်လို့ မမက တိုက်တွန်းလိုက်ပါတယ်နော်။

 

မမမေ