ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူများ သီးသန့်ခွဲနေထိုင်မှုကို ငါးရက်သို့လျှော့ချရန် အမေရိကန်စီဒီစီ အကြံပြု

ဒီဇင်ဘာ ၂၈

 

အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အပေါ် စိုးရိမ်မှုကြီးထွားလာရာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူများ၏ သီးသန့်ခွဲခြားနေထိုင်မှုကို ၁၀ ရက်မှ ငါးရက်သို့လျှော့ချရန် အကြံပြုခဲ့သည်။

 

ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာများက ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ မွမ်းမံထားသည်ဟု ယမန်နေ့ကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်မားလျက်ရှိသည်။

 

ထိုမွမ်းမံထားသည့် လမ်းညွှန်ချက်များနှင့်အညီ  ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ငါးရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ ကာကွယ်ဆေးထိုးနှံမှုမပြုရသေးသူဖြစ်စေ သီးသန့်နေထိုင်မှုသက်တမ်းကုန်ဆုံးချိန်အထိ ရောဂါလက္ခဏာ ပြသမှုမရှိလျှင် သီးသန့်ခွဲခြားနေထိုင်မှု အဆုံးသတ်မည် ဖြစ်သည်။

 

၎င်းတို့အနေဖြင့် အလုပ်ပြန်လည်ဝင်ရောက်နိုင်ကြောင်း နောက်ထပ်ငါးရက်တာကာလအတွင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်၍ အခြားသူများနှင့် ရောနှောပြီး လှုပ်ရှားဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ရောဂါကူးစက်ဖြစ်ပွားပြီးနောက် တစ်ရက်၊ နှစ်ရက်အကြာတွင် ရောဂါလက္ခဏာပြသသည်ကို မကြာသေးမီကတွေ့ရှိခဲ့ပြီးနောက် ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ မွမ်းမံထားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စီဒီစီကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာသဖြင့် အလုပ်သမား မလုံလောက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုကြီးထွားလာသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို