ကျို့ကျန်းလိုဏ်ဂူသို့ အလည်တစ်ခေါက်

၂၁ သြဂုတ်

စာရေးသူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းသို့ ဖိုရမ်အစည်းအဝေးတစ်ခုတက်ရောက်ရန် ပြီးခဲ့သည့် ဇွန်လက ရောက်ရှိခိုက် အစည်းအဝေးအပြီးတွင် ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံအဝန်း တွင်သာမက ကမ္ဘာတစ်လွှား လိုဏ်ဂူလေ့လာသူများနှင့် ခရီးသွားများအကြား ထင်ရှားသော ကူမင်းအနီးရှိ ကျို့ကျန်းလိုဏ်ဂူများဆီသို့ သွားရောက်လည်ပတ်ဖြစ်ခဲ့သည်။

ကျို့ကျန်းလိုဏ်ဂူများ (Jiuxiang Caves)

ကျို့ကျန်းလိုဏ်ဂူများသည် ယူနန်ပြည်နယ်၊ ရီလျံကောင်တီ၊ ကျို့ကျန်း “ရီ” နှင့် “ဟွေ” တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့နယ်တွင် တည်ရှိပြီး Stone Forest မှ မြောက်ဘက် ၂၂ ကီလိုမီတာ (၁၄ မိုင်) ကွာဝေးပါသည်။ ကူမင်းမြို့မှဆိုလျှင် ၉၀ ကီလိုမီတာ (၅၅ မိုင်) ကွာဝေးပါသည်။ ကူမင်းမြို့သားအချို့က သူတို့မှာ မြေပေါ်တွင် Stone Forest ရှိပြီး မြေအောက်တွင် Jiuxiang Cave ရှိသည်ဟု ဂုဏ်ယူစွာ ပြောဆိုလေ့ရှိကြောင်း သိရသည်။ အသွင်အမျိုးမျိုးဖြင့် တည်ရှိပြီး မြင့်မားလှသော ကျောက်စိုင်၊ ကျောက်သား၊ ကျောက်တန်းကြီးများနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည့် Stone Forest သည် ကူမင်းမြို့အနီးတွင် တည်ရှိပြီး ကျို့ကျန်းလိုဏ်ဂူများနှင့် ကားဖြင့်နာရီဝက်ခန့်သာ ကွာဝေးပါသည်။ အမှန်ပင် မြေပေါ်တွင် ထိုးထွက်နေသော ကျောက်တုံး၊ ကျောက်တောင်များရှိရာ Stone Forest  မှ မြေအောက်တွင် ဂူအမိုးခေါင်မိုးမှ ပြောင်းပြန် စိုက်စင်းနေ သော ကျောက်စက်၊ ကျောက်တန်းများရှိရာ ကျို့ကျန်းလိုဏ်ဂူသို့ နေ့ချင်းအတွင်း ရောက်ရှိသွားသည့်အခါ အလင်းမှ အမှောင်၊ အပေါ်မှ အောက်၊ အပြင်မှ အတွင်း စသည့် ထူးခြားသည့် ဆန့်ကျင်ဘက် ခံစားစိတ်များကို ပေးစွမ်းပါသည်။

ကျို့ကျန်းလိုဏ်ဂူသည် နှစ်သန်းပေါင်းများစွာ ဖြစ်တည်ရာမှာ ဆင့်ပွားဖြစ်ထွန်းလာသော သဘာဝ ဖြစ်စဉ်များကြောင့် ရေတွင်ပျော်ဝင်လွယ်သော ထုံးကျောက်များ၊ ဂျစ်ပဆမ်များ ပြိုကွဲပျက်စီးရာမှ ဖြစ်တည်လာသော မြေတွင်း၊ မြေခွက်များ၊ လိုဏ်ဂူ၊ လိုဏ်ခေါင်းများ၊ မြေအောက် မြစ်ချောင်းများ၊ ကျောက်ခက်၊ ကျောက်စက်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။

ကျို့ကျန်းလိုဏ်ဂူ အပါအဝင် ဧရိယာတစ်ခု လုံးသည် ၂၀ဝ စတုရန်းကီလိုမီတာ (၇၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ဂူများအပြင် အခြားသော လေ့လာလည်ပတ်စရာ နေရာများလည်း ရှိပါသည်။ ဂူပေါင်း ၁၀ဝ ကျော်ဖြင့် စုဖွဲ့ ထားသည့် ဂူအစုအဝေးကြီးတွင် လည်ပတ်စရာနေရာ Green Shady Valley, Grand Underground Valley, Grand Lion Cave (White Elephant Cave ဟုလည်း အချို့က ခေါ် ကြသည်) Fairy Palace Cave, Lying Dragon Cave ESifh Bat Cave  စသည်ဖြင့် အပိုင်းခြောက်ပိုင်း ရှိပါသည်။

ကိုယ်တွေ့ Jiuxiang Cave

စာရေးသူတို့ Stone Forest သို့ သွားရောက်လေ့လာပြီး ထိုမှ နာရီဝက်ခန့် ကားမောင်းသော် ကျို့ကျန်းလိုဏ်ဂူ (Jiuxiang Cave) သို့ ရောက်ရှိကြပါသည်။ ဝင်ခွင့်လက်မှတ်မှာ တစ်ဦးလျှင် ယွမ် ၉၀ ကျသင့်ပါသည်။ ဂူအပေါက်ဝမှ ဂူအပေါ်ထိပ်အထိ ၅၃ မီတာ (၁၇၄ပေ) အမြင့်ရှိပြီး ဂူထိပ်မှ ဂူပေါက်ရှိရာသို့ ဓာတ်လှေကားဖြင့် ဆင်းကြရပါသည်။ ဂူပေါက်ဝ အဝင်တွင် မီတာ ၁၀ဝဝ (ပေ ၃၂၈၀) အကျယ်ရှိသော သာယာလှပသည့် တောင်ကြားလမ်း (Green Shady Valley) ဆီးကြို နေပါသည်။ 

တောင်ကြားအတွင်း မြစ်တစ်စင်း တသွင်သွင် စီးဆင်းနေပြီး မြစ်အတွင်း အပျော်စီးလှေများ စီးနင်းနိုင်ပါသည်။ လက်မှတ်ခတွင် လှေစီးခပါဝင်ပြီးဟု သိရ ပါသည်။ သို့သော် လှေစီးရန် လူတန်းရှည်ကြီးအား ၁၅ မိနစ်ခန့် စောင့်ရမည်ဖြစ်သဖြင့် စာရေးသူတို့ တောင်ကြားအတွင်း ခြေကျင်လျှောက် ဝင်ရောက်လေ့လာကြပါသည်။ တောင်ကြား တစ်ဖက်တစ်ချက် တွယ်ကပ်ချိတ်ဆက် ဆောက်လုပ်ထားသော လူလုပ်တံတားပေါ်မှ တောင်ကြား သဘာဝအလှအပများကို မြစ်ရေစီးသံများ တသွင်သွင်၊ တစ်ခါတစ်ရံ တောင်စောင်း၊ တောင်ကြားများမှ ဖောက်ထွင်းဝင်ရောက်လာသော အလင်း တန်းများအကြား လမ်းလျှောက်ကြရင်း စာရေးသူတို့ တဖြည်းဖြည်း ဂူအတွင်းပိုင်းသို့ တိုးဝင်နေကြပြီဖြစ်သည်။

မကြာမီ ဂူအတွင်းရှိ မြေအောက်တောင်ကြားသို့ ရောက်ရှိပါသည်။ မြစ်ရေသံမှာလည်း ပိုမိုပြင်းထန်ကြမ်းတမ်းလာပါသည်။ ဂူမှာ ပိုမိုနက်ရှိုင်းလာပြီး မတ်စောက်သည့် ကျောက်တုံး ကျောက်ဆောင် အများအပြား တွေ့ရှိရပါသည်။ Grand Underground Valley ကိုလွန်လျှင် အမှန်တကယ် ဂူအတွင်းပိုင်း လေ့လာရေးကို စတင်ပြီဖြစ်သည်။ စာရေးသူတို့ အတွေ့အကြုံအရ ဂူအတွင်းပိုင်းကြီး လေးပိုင်း ရှိပါသည်။ ပထမ ဂူအပိုင်းကို Grand Lion Cave ဟု ခေါ်ပါသည်။ ဂူအဆုံးတွင် ကြီးမားကျယ်ဝန်းသော ခန်းမကြီးသဖွယ် သဘာဝအတိုင်း ဖြစ်တည်နေသော ဂူအမိုးကြီးကို တွေ့ရပါလိမ့်မည်။ Grand Lion Cave ကို ကျော်လွန်သော နောက်ထပ် ဂူအပိုင်းတစ်ခု ဖြစ်သော Fairy Palace Cave ကို ရောက်ရှိပါသည်။ ဂူအတွင်း ဂူအမိုးနေရာအနှံ့မှ ကျောက်စက်၊ ကျောက်ပန်းများ စီးဖြာကျနေပြီး ဂူနေရာအနှံ့ အောက်ခြေမှ စိမ်း၊ ဝါ၊ ပြာ၊ နီ မီးအရောင်စုံ ဆလိုက်များဖြင့် ပင့်ထိုးထွန်းညှိထားရာ အမြင်မရိုင်းလှဘဲ အထူးပင်ဆွဲဆောင်မှု ရှိလှပါသည်။ Jiuxiang Cave  နှင့် ပတ်သက်၍ အလှအပ ပုံရိပ်ဓာတ်ပုံ အများစုမှာ အဆိုပါ Fairy Palace Cave မှ ရိုက်ယူထားခြင်းဖြစ်သည်။ ရောင်စုံ မီးရောင်များဖြင့်အတိပြီးသော Fairy Palace Cave မှ ဆက်သွားလျှင် ပေတစ်ရာ အမြင့်ရှိသော အမြွှာရေတံခွန် နှစ်ခုစီးဖြာကျဆင်းနေသည့် မြေအောက်မြစ် အဓိကဖြတ်စီးဆင်းရာ Lying Dragon Cave သို့ ရောက်ရှိပါလိမ့်မည်။ အဆိုပါ ဂူအတွင်း ဒေသခံ ရီ တိုင်းရင်းသားတို့၏ ကျေးရွာသဖွယ်ဖန်တီးထားသည့် ရီတိုင်းရင်းသားကျေးရွာ ပုံစံငယ်လည်း တည်ရှိပါသည်။ အဆိုပါ နေရာတွင် ရီတိုင်းရင်းသား လူငယ်များက ရိုးရာအဆိုအကများဖြင့် ဧည့်ခံသည်ဟု ဖော်ပြထားသော်လည်း စာရေးသူတို့ ရောက်ရှိသည့် နေ့လယ်နှောင်းချိန်တွင် မည့်သည့် အဆိုအကမှ မတွေ့ရှိခဲ့ရပါ။ Lying Dragon Cave  မှ လွန်သော် နောက်ဆုံးရောက်ရှိသွားသော လိုဏ်ဂူမှာ Bat Cave လိုဏ်ဂူ ဖြစ်ပါသည်။ ဤလိုဏ်ဂူတွင် ယခင်က လင်းနို့အများအပြား နေထိုင်ခဲ့သောကြောင့် လင်းနို့လိုဏ်ဂူဟု အမည် တွင်ပါသည်။ လိုဏ်ဂူအတွင်း အမိုးမှ ကျောက်စက်၊ ကျောက် ခက်များ အပြိုင်းအရိုင်း ကျဆင်းနေပုံမှာ မြေပေါ်မှာထိုးထွက် နေသော ကျောက်တုံး၊ ကျောက်တောင်များတည်ရှိရာ Stone Forest ကို ပြောင်းပြန်လှန်ထားသကဲ့သို့ရှိသဖြင့် ထူးခြားသော ဂူတစ်ခုဟုဆိုနိုင်ပါသည်။

မြင်တွေ့သမျှ အထူးအဆန်းချည်းဖြစ်

Jiuxiang Cave ဂူအဝ နက်ရှိုင်းမြင့်မားသော တောင်ကြားလမ်းများမှ ဖြတ်လျှောက်ကာ မီးရောင်စုံအလှအပများ၊ မြစ်ရေစီးသံများ၊ ရေတံခွန်များ၊ ကျောက်စက်၊ ကျောက်ခက်များအကြား ဂူအစိတ်အပိုင်းတစ်ခုမှ နောက်ဂူအစိတ်အပိုင်း တစ်ခုသို့ ကူးပြောင်းသွားလာနေချိန်ဝယ် ဇာတ်ဝင်ခန်း မြင်ကွင်းများ တစ်ကွက်ပြီး တစ်ကွက် ကူးပြောင်းသွားသော ရုပ်ရှင်ဇာတ်ကား တစ်ကားကြည့်ရှုနေရဘိ သကဲ့သို့ ခံစားခဲ့ရသည်။ စာရေးသူမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်များဆီမှ ဂူအချို့သို့ ရောက်ဖူးသော်လည်း ယခုကဲ့သို့ Jiuxiang Cave အတွေ့အကြုံမှာ မြင်တွေ့သမျှ အထူးအဆန်းချည်း ဖြစ်နေလေတော့သည်။

Jiuxiang Cave အတွင်း ဒေသခံ ရီမျိုးနွယ် အမျိုးသမီး လေးနှင့်အတူ နှစ်နာရီခန့် လေ့လာပြီးနောက် ဂူအဆုံး အခြား တစ်ဖက်သို့ ရောက်ရှိပါသည်။ မူလဂူအဝင်နေရာသို့ ပြန်ရန် နည်းလမ်းသုံးသွယ်ရှိပါသည်။ ခြေကျင်လမ်းလျှောက် ပြန်ဆင်း၍ရသည်။ မြင်းငှားစီးကာ မြင်းထိန်းနှင့်အတူ ပြန်ဆင်း၍ ရသည်။ အဖွင့်ကေဘယ်ကြိုးထိုင်ခုံဖြင့် ပြန်ဆင်း၍ရသည်။ စာရေးသူ နိုင်ငံပေါင်းများစွာတွင် ကေဘယ်ကားများ စီးခဲ့ဖူး ပါသည်။ ကေဘယ်ကားများမှာ အပိတ်ဖြစ်ကြသည်။ ယခု ကေဘယ်မှာမူ အဖွင့်ဖြစ်ပြီး ထိုင်ခုံတန်းလေးတစ်ခုသာဖြစ်သဖြင့် လတ်ဆတ်သောလေကို ရှူရှိုက်ရင်း Jiuxiang Cave နှင့် ဝန်းကျင်တစ်ခုလုံးကို အပေါ်စီးမှ စီးမြင်ရမည် ဖြစ်သည်။ ကေဘယ်အဖွင့် ထိုင်ခုံနှင့် ပြန်ဆင်းရန် ရွေးချယ်လိုက်သည်။ ကေဘယ်ထိုင်ခုံ စီးနင်းခ တစ်ကြောင်းလျှင် ယွမ် ၃၀ ထပ်မံ ကျသင့်ပါသည်။

Jiuxiang Cave ပြီးဆုံးပြီးနောက် စာရေးသူတို့ ကူမင်းမြို့ဆီ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ယခု ကျို့ကျန်းလိုဏ်ဂူ များ လေ့လာရေးခရီးစဉ်နှင့် ဆက်စပ်အခြားအလည်အပတ် ခရီးစဉ်များအတွင်း မမေ့နိုင်သော ဖြစ်ရပ်နှစ်ခု ရှိပါသည်။ ၄င်းတို့မှာ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်က ကူမင်းမြို့မှ ရီလျံ ကောင်တီသို့ အလာလမ်းတွင် ညစာ မြင်းသားစားသောက်ခြင်းနှင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်က ရီလျံကောင်တီမှ ကူမင်းမြို့သို့ အပြန်လမ်းမှာ ညစာဘဲကင် စားသောက်ခြင်း တို့ဖြစ်သည်။

မြင်းသားအတွေ့အကြုံ

မြင်းသားစားသုံးခြင်း အတွေ့အကြုံအကြောင်း အနည်းငယ် ရေးခြစ်ပါမည်။ စာရေးသူ မြင်းသား တစ်ခါမှ မစားဖူးပါ။ ကိုရီးယားတွင် ကျောင်းတက်စဉ် ခွေးသားတစ်ကြိမ် စားခဲ့ဖူးပါသည်။ အမေရိကန်တွင် ကြက်ဆင်သား၊ ဂျပန်တွင် ငါးအစိမ်း၊ ကိုရီးယားတွင် အမဲသားအစိမ်းသုပ်၊ စင်ကာပူတွင် မိကျောင်းသား စသည်ဖြင့် စားဖူးပါသည်။ စာရေးသူတို့ မြင်းသား စားသုံးသော ဆိုင်မှာ ရှီလင် “ရီ” တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရကောင်တီ၊ ဖုဇီကျေးရွာရှိ ရှောင်ဂိုပြန်း မြင်းသား စားသောက်ဆိုင် ဖြစ်ပါသည်။ စာရေးသူနှင့် ပါလာသူ တရုတ်မိတ်ဆွေတစ်ဦးက ဤကျေးရွာရှိ မြင်းသား စားသောက်ဆိုင်များသည် ယူနန်ပြည်နယ်တွင် အရသာအရှိဆုံးနှင့် အကောင်းဆုံးဖြစ်ပြီး ယခု ရှောင်ဂိုပြန်း စားသောက်ဆိုင်သည် လူအစည်ဆုံး စားသောက်ဆိုင်ဖြစ်သည်ဟု ဆိုပါသည်။

မြင်းသား ညစာ မစားမီ စာရေးသူအား ဆိုင်ရှင်ဖြစ်သူနှင့် မိတ်ဆက်ပေးသဖြင့် ဆိုင်ရှင်ဖြစ်သူက ဖော်ရွေစွာပင် သူ၏ ဆိုင်အနှံ့လိုက်လံပြသပါသည်။ မီးဖိုချောင်အတွင်းသို့ ဝင်ရောက်နိုင်ကြောင်း ဖိတ်ခေါ်သဖြင့် ချိတ်ဆွဲထားသော မြင်းသားအစိမ်းများနှင့် ကြော်လှော် ချက်ပြုတ်ပုံ အချို့ကို တွေ့ခဲ့ရသည်။ သို့သော် မြင်းနှင့်တူသည့် အစိတ်အပိုင်းများကို မတွေ့ရသဖြင့်မေးရာ မိုးဖွဲဖွဲကျနေသည့်ကြားမှ ဆိုင်ရှင်ဖြစ်သူက ဆိုင်အနီး သန့်ရှင်းသော ရေမြောင်းအတွင်း ညလုံးပေါက် ရေစိမ်ထားသော မြင်းခြေထောက်များကို ညှပ်ဖြင့် ဆွဲယူထုတ်ပြသဖြင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ပါသည်။

ဆိုင်ရှင်၏ အဆိုအရ ပုံမှန်တစ်နေ့ မြင်းတစ်ကောင် ကုန်သည်ဟု ဆိုပါသည်။ ညစာစားပွဲတွင် ပုံစံအမျိုးမျိုးနှင့် ချက်ပြုတ် ထားသော မြင်းသားအမျိုးမျိုး လာချပါသည်။ စာရေးသူလည်း အတန်ငယ် ဆာလောင်နေသဖြင့် မြင်းသား အတော်များများကို စားသုံးခဲ့ပါသည်။ မြင်းသားသည် မည်သည့်အတွက် ကောင်းသည်ကိုတော့ မသိပါ။ နောက်တစ်နေ့မနက် အိပ်ရာ ထတော့ အတော်ပင် စိတ်ကတက်ကြွနေပါသည်။

ဘဲကင် အတွေ့အကြုံ

နောက်အတွေ့အကြုံတစ်ခုက ဘဲကင်စားသောက်ခြင်း ဖြစ်ပါသည်။ စာရေးသူ ဘဲသား မကြာခဏ စားဖူးပါသည်။ အမှန်တော့ ဘဲသားကို မကြိုက်နှစ်သက်လှပါ။ ယခု ကူမင်း ခရီးစဉ်မတိုင်မီ ပြီးခဲ့သည့် အပတ်ကပင် ဘေဂျင်းမြို့တော်မှ ပြန်လာသည်ဖြစ်ရာ ဘေဂျင်းတွင် နာမည်ကျော် ပီကင်းဘဲကင် စားသုံးခဲ့ပါသည်။ စားသုံးပြီး ဘဲဆိပ်တက်သည်လားတော့ မသိ၊ တစ်ချိန်လုံး ရင်ပြည့်နေသကဲ့သို့ ဖြစ်ခဲ့လေရာ ယခုကူမင်း ခရီးစဉ်တွင် ညစာ စားသုံးရန် တရုတ်မိတ်ဆွေများက ဘဲကင်ဆိုင်သို့ သွားကြမည်ဆိုသောအခါ စာရေးသူ ပီကင်း ဘဲကင် အတွေ့အကြုံများကို ပြောပြရင်း အနည်းငယ် ငြင်းဆန်မိပါသည်။ 

သို့သော် မိတ်ဆွေများက ရီလျံဘဲကင်သည် ယူနန်ပြည်နယ်တွင် အထူးနာမည်ကြီးသည်။ ပီကင်းဘဲကင်ထက် အရသာပိုရှိသည်၊ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ညွှန်းဆိုနေသဖြင့် ရီလျံဘဲကင် ညစာသုံးဆောင်ရန် သဘောတူပြီး ရီလျံကောင်တီ၊ ရီလျံမြို့တွင်းရှိ နန်ယန်ရုံဟွာစားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြသည်။ ဆိုင်ရှေ့တွင် သံအခုံးအဖုံးဖြင့် လေးပေ ဝန်းကျင်ခန့် အမြင့်ရှိ ကြီးမားသော အုတ်၊ အင်္ဂတေဖိုကြီး လေးလုံး ရှိပါသည်။ အခြားဆိုင်များရှေ့တွင်လည်း ဤကဲ့သို့ အုတ်ဖိုကြီးများ တွေ့ပါသည်။ အထဲတွင် မီးမြှိုက်ထားပြီး ဘဲအကောင် ၁၅ ကောင်ခန့်ကို တစ်ပြိုင်တည်း ကင်နိုင်ပါသည်။ စာရေးသူ လည်း ဆိုင်လုပ်သားများမှာ ဘဲ (အသေ) များကို ဖိုအတွင်းသို့ အသွင်းအထုတ်လုပ်နေသည်ကို မှတ်တမ်းတင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးခဲ့ပါသည်။

ဖိုအတွင်းသို့ ဘဲများ မထည့်သွင်းမီ ဘဲအသေများကို ဖိုအနီးလမ်းဘေးတွင် ချိတ်ဆွဲကာ တစ်ကောင်းချင်းကို ပျားရည်ဖြင့် ကျကျနနသုတ်လိမ်း နှိပ်နယ်နေသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ခဲ့ရပါသည်။ ဆိုင်ရှေ့ အခြားထောင့် တစ်နေရာတွင် ဆူဖြိုးဝဖီးနေသော ဘဲသုံးကောင်ခန့် သံခြံဝင်းအတွင်း မွေးမြူထားသည်ကို တွေ့ပါသည်။ အမှန်ပင် ရီလျံဘဲကင်မှာ ပီကင်းဘဲကင်နှင့် သိသာစွာ ကွာခြားလှပါသည်။ အသားလည်းများပြီး အရသာလည်း ပိုရှိသည်ဟု ခံစားရပါသည်။ မြန်မာနိုင်ငံက ဘဲကင်အရသာများနှင့် ပိုနီးစပ်သည်ဟု ထင်မိပါသည်။

ကူမင်းမြို့သို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက် ညနေက အတော်မှောင်မှ ပြန်ရောက်သည်။ ကူမင်းတွင် တစ်ညအိပ်၊ နောက်တစ်နေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ကူမင်းမှ ရန်ကုန်သို့ China Eastern Airline ဖြင့် ချောမောစွာ ပြန်လည်ရောက်ရှိပါသည်။ ။

အောင်အောင် IR