ကိုလံဘီယာနိုင်ငံ၌ အကျဉ်းထောင်မီးလောင်မှုကြောင့် လူ ၅၁ ဦး သေဆုံး

ဘိုဂိုတာ  ဇွန် ၂၉ 

 

ကိုလံဘီယာနိုင်ငံ အနောက်တောင်ဘက် တူလွာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန် ၂၈ ရက်က အကျဉ်းသားများအကြား ဆူပူမှုဖြစ်ပွားပြီး မွေ့ယာများကို မီးတင်ရှူခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားကာ လူ ၅၁ ဦးထက် မနည်းသေဆုံးပြီး ကျန်၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။

 

အကျဉ်းထောင်တွင် မီးသတ်စနစ်မရှိသည့်အတွက်  သယ်ဆောင်နိုင်သော မီးသတ်ဆေးဘူးများကို မီးငြိမ်းသတ်ရန် ကနဦးအသုံးပြုခဲ့ကြောင်း အကျဉ်းထောင်ညွှန်ကြားရေးမှူး တီတိုကာ့စ်တာလာနော့စ်က ပြောကြားသည်။ 

 

အကျဉ်းသား ၁၈၀ ခန့်ထားရှိသည့်အဆိုပါ အကျဉ်းထောင်တွင် ဇွန် ၂၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ ပြီးနောက် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများအား ကယ်တင်ရန် သဘောတူညီမှုတစ်ရပ်အသက်ဝင်ခဲ့ပြီး အကျဉ်းထောင်အစောင့်တချို့သည် အကျဉ်းသားများအား ကယ်တင်ရန် ကြိုးပမ်းလုပ်ဆောင်စဉ် မီလောင်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

တူလွာမီးသတ်တပ်ဖွဲ့ဝင်များသည် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အကျဉ်းထောင်အစောင့်နှစ်ဦးအပါအဝင် ဒဏ်ရာရရှိသူများကို ဒေသဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ထားသည်။ ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ ဒဏ်ရာရသူကိုးဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကြောင်း သိရသည်။

 

ထို့အပြင် အကျဉ်းသား ၄၉ ဦးသည် အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် အကျဉ်းသားများအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖြစ်ပွား သည့်အကျဉ်းထောင်ဆူပူမှုအတောအတွင်း အကျဉ်းသားတစ်စုံတစ်ဦးမျှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် ကိုလံဘီယာသမ္မတ အီဗန်ဒုခ်က တူလွာအကျဉ်းထောင်၌ ဖြစ်ပွားသည့်အဖြစ်အပျက်များနှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲမိပါကြောင်း၊ ဤဆိုးရွားသောအခြေအနေများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် မိမိအနေဖြင့် တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း၊ အကျဉ်းထောင်မီးလောင်မှုတွင် သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းမိပါကြောင်း စသည်ဖြင့် ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ