ကိုလံဘီယာနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် လူသုံးဦးသေဆုံး

ဖေဖော်ဝါရီ ၂၅

 

ကိုလံဘီယာနိုင်ငံမာနီဇဲလ်မြို့ရှိ  ဆင်းရဲသားရပ်ကွက်တစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် သုံးဦးသေဆုံးခဲ့ပြီး နေအိမ်အများအပြားထိခိုက်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။

 

အဆိုပါ ပြိုကျခဲ့သောအဆောက်အအုံများတွင် ကယ်ဆယ်ရေးအလုပ်သမား ၁၄၆ ဦးဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ လူကိုးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်တွင် ရှာဖွေရေးလုပ်ငန်းအဆုံးသတ်ခဲ့သည်ဟု မာနီဇဲလ်မြို့တော်ဝန် ကာလို့မာရီယိုမာရင်က ၎င်း၏တွစ်တာအကောင့်တွင် ရေးသားထားသည်။

 

ကယ်ဆယ်ရေးလုပ်သားများသည် ပျောက်ဆုံးနေသူများကိုရှာဖွေကယ်ဆယ်ရန် အချိန် ၁၇ နာရီကြာ လုပ်ဆောင်ခဲ့ကြသည်ဟု ထိုမြို့တော်ဝန်ကဆိုသည်။

 

ထိုမြေပြိုမှုသည် ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့ကြောင်းနှင့် ထိုဒေသတွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ယင်းသို့မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို