ကိုလံဘီယာတွင် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် ခွင့်ပြု

၄ ဖေဖော်ဝါရီ

 

ကိုလံဘီယာနိုင်ငံ သမ္မတ အိုင်ဗန်ဒူက တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် နိုင်ငံ အစားအစာနှင့် ဆေးဝါးစောင့်ကြည့် လေ့လာရေး အဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ ကိုဗစ်ကာကွယ်ဆေးများကို ကျွမ်းကျင်သူများက အကဲဖြတ်ပြီးနောက်တွင် ထိုသို့ အတည်ပြုခဲ့ပြီး ကိုဗစ်-၁၉ ဆိုင်ရာ ရုပ်သံအစီအစဉ်အတွင်း အိုင်ဗန်ဒူက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ကိုလံဘီယာအစိုးရ၏ ပြောကြားချက်အရ သိရသည်။ 

 

ကိုလံဘီယာနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၂၅၆၂၂ ဦး ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၄၈၇၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် လူမှုကာကွယ်ရေး ဝန်ကြီးက ပြောကြားသည်။ 

 

ကိုလံဘီယာ အစိုးရက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ သက်တမ်းတိုးမြှင့်ခဲ့ပြီး ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ဘေးကင်း လုံခြုံမှုဆိုင်ရာ ကျန်းမာရေး အစီအမံများကို လိုက်နာကြရန်နှင့် လူစုလူဝေး ရှောင်ကြဉ်ကြရန် ပြည်သူများအား တိုက်တွန်း ပြောကြားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို