ကျိုင်းတုံမြို့၌ ဓားဖြင့်ခြိမ်းခြောက်၍ ဖုန်းလုသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ကျိုင်းတုံ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းတွင် မတ် ၁၆ ရက် ည ၈ နာရီခွဲခန့်က အမျိုးသမီးငယ် တစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်၍ ဖုန်းလုယက်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သည့် တရားခံအား ရဲတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နောင်တုံကန်ပတ်လမ်း၊ သစ်ပင်အောက်တွင် မနန်းရှဲန်ဟိန်း အသက်(၁၇)နှစ်သည်  တူမဖြစ်သူနှင့်အတူ ဖုန်းပြောနေစဉ် အမျိုးသားတစ်ဦးမှ အနားသို့ကပ်လာပြီး ဖုန်းအားဆွဲရာ ၎င်းမှ ပြန်လည်ဆွဲယူစဉ် အဆိုပါအမည်မသိ အမျိုးသားက ၎င်း၏ ခါးကြားမှ အသင့်ယူဆောင်လာသည့် ၈ လက်မခန့်ရှိ ဓားဖြင့် ခြိမ်းခြောက်၍ လုယူထွက်ပြေးသွားသဖြင့် ၎င်းအား ဥပဒေအရ အရေးယူပေးရန် မနန်းရှဲန်ဟိန်းမှ ကျိုင်းတုံမြို့မရဲစခန်းသို့ တိုင်တန်းသဖြင့် တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းခဲ့ရာ တရားခံအား သက်သေခံပစ္စည်းများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် တရားခံ နေမင်းဦး(၃၆)နှစ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေသူအား  ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)