နေပြည်တော် မတ် ၁၉
ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းတန်ဖိုးနှင့် လားရှိုးမြို့၌ ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ည ၁၁ နာရီတွင် သတင်းအရ ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် ပန်ယောင်းရွာနေ အပေါ (၃၅) နှစ် မောင်းနှင်လာသော HONDA WAVE I 110 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၀ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၀၂ ဒသမ ၅ သိန်း) ကို သိမ်းဆည်းရမိသဖြင့် အပေါအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ အောင်မင်္ဂလာရပ်ကွက်နေ ရီဆိုက် (၅၇) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၄ သိန်း) နှင့် ဘိန်းဖြူ ၂၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် လေးသိန်း) တို့ကို သိမ်းဆည်းရမိသဖြင့် ရီဆိုက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


