ကျိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၃ 

ကျိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည ၈ နာရီတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ပန်မတ် ကျေးရွာ အနီးတွင် မနာဖေ့အား စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလုကျေးရွာအနီးတွင် လော်ကျားမောင်းနှင်ပြီး လီမာ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်