ကြို့ပင်ကောက်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး ဟောပြော 

ကြို့ပင်ကောက် နိုဝင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထက(ပန်းတင်)ကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှု တာဆီးကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့ ဥပဒေများကို လူငယ်လူရွယ်များ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ဟောပြောဆွေးနွေးသည့်အခါ သိလိုသည်များကို မေးမြန်းဆွေးနွေး နိုင်ကြောင်း၊ ယခုဟောပြောပွဲမှ သိသင့်သိထိုက်သော အချက်အလက်များကို ရရှိသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သီဟ၊ မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်သရဖီလှိုင်၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မို့မို့အေးတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ရာ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့သော ကျောင်းသား ကျောင်းသူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)