ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး မှန်းဆဖို့ခက်

mdn

ကလျာမိုးမြင့် - ရေးသားသည် 

 

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် မကြာခဏဆိုသလို ဒေါသထွက်ခဲ့ရတဲ့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံနဲ့ နောက်ထပ် ဘယ်လိုငြိမ်းချမ်းရေး ဆွေးနွေးမှု မျိုးမှ ထပ်မလုပ်နိုင်တော့ဘူးလို့ ပြောကြားလိ်ုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က သတိပေးချက်တွေကို လက်မခံခဲ့တဲ့ တောင်ကိုရီးယားရဲ့ အမှားပဲလို့လည်း ဆိုပါတယ်။

 

ဒုံးကျည်ပစ်ခတ်

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က အဲဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် မြောက်ကိုရီးယားဟာ ဩဂုတ် ၁၆ ရက်မှာ ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းခြေ ပင်လယ်ပြင်ထဲသို့ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီစမ်းသပ်မှုဟာဆိုရင် တစ်လအတွင်းမှာ ခြောက်ကြိမ်မြောက် စမ်းသပ်ပစ်ခတ်မှုပါ။

 

အမျိုးအစားမသိရသေးတဲ့ ဒုံးကျည်နှစ်စင်းကို ဩဂုတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီမှာ ပစ်ခတ်လိုက်တာဖြစ်ပြီး ဒုံးကျည်ဟာ ၂၃၀ ကီလိုမီတာ (မိုင် ပေါင်း ၁၄၀) ထိအောင် ပျံသန်းခဲ့ကာ ပင်လယ် ရေမျက်နှာပြင်အထက်အမြင့် ၃၀ ကီလိုမီတာ (၁၈ မိုင်)အထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး က ဖော်ပြထားပါတယ်။

 

ပြန်လည်ပေါင်းစည်းရေး

 

ပြီးခဲ့တဲ့ ခြောက်ရက်အကြာက မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ဂျပန်ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြီးခဲ့တဲ့ ဇွန်လက တွေ့ဆုံခဲ့ကြစဉ်အတွင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စဖို့ သဘောတူပြီးကာမှ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ ၄င်းရဲ့နျူကလီးယားလက်နက်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရင်ဆိုင် နေရချိန် ဖြစ်ပါတယ်။ ဂျပန်ရဲ့ စိုးမိုးအုပ်ချုပ်မှုအောက်ကနေ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း သမ္မတ မွန်ဂျယ် အင်းက လာမယ့် ၂၀၄၅ ခုနှစ်မှာ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းဖို့ အလေးပေး ပြောဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကိုရီးယားကျွန်းဆွယ်ဟာ တောင်နဲ့မြောက် နှစ်ခြမ်းကွဲခဲ့တာ ဖြစ်ပါ တယ်။

 

မေးခွန်းထုတ်

 

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ သောင်မတင် ရေမကျ အနေအထားဖြစ်နေချိန် သမ္မတမွန်ဂျယ်အင်းက ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပန်းတိုင်ရောက်ရှိဖို့ ဆိုတာဟာ အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းမှုနဲ့ တိုးတက် ကြီးပွားမှု တွေကို ဆောင်ကြဉ်းလာမယ့် ကိုရီးယားကျွန်းဆွယ်၊ အရှေ့အာရှဒေသနဲ့ ကမ္ဘာကြီးက ကျွန်ုပ်တို့ကို စောင့်ဆိုင်း နေတယ်လို့ ၄င်းရဲ့မိန့်ခွန်းကို ရုပ်မြင်သံကြား ထုတ်လွှင့်မှုကနေ ကြားသိခဲ့ရပါတယ်။

 

တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်မှ မေးခွန်း ထုတ်လာ တာက တောင်ကိုရီးယားဟာ အခုလိုအချိန်မျိုး ရောက်နေတာတောင် အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု တွေကို မပြီးနိုင်မစီးနိုင်အောင် လုပ်ဆောင်နေပြီးမှ ငြိမ်းချမ်းတဲ့ စီးပွားရေးတိုးတက်မှုနဲ့ ငြိမ်းချမ်းတဲ့ ကိုရီးယား ကျွန်းဆွယ်အကြောင်း လာပြောနေတယ်ဆိုတော့ တောင်နဲ့မြောက် ဆွေးနွေးပွဲတွေ ဆက်ပြီးကျင်းပနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

 

ဝေဖန်ထိုးနှက်

 

ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ရက်ပေါင်း ၉၀ အတွင်း မြောက်ကိုရီးယားရဲ့ တပ်ဖွဲ့အများစုကို ဖျက်ဆီးဖို့ စစ်ပွဲတစ်ခုအတွက် လေ့ကျင့်နေချိန်မှာ တောင်နဲ့မြောက်အကြား စကားပြောဆိုဆွေးနွေးမယ့်ကိစ္စကို လာပြော နေတာဟာဆိုရင် အတော်လေးရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတအပေါ် ဝေဖန်ထိုးနှက်ထားပါတယ်။အမေရိကန်နဲ့ တောင်ကိုရီးယား လတ်တလောလုပ်ဆောင်နေတဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားက ဘယ်လောက်တောင် ဒေါသထွက်နေလဲ ဆိုတာကို ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတမွန်ဂျယ်အင်းတို့နဲ့အတူ သဘောတူညီထားခဲ့ တာတွေကို ချိုးဖောက်နေတာဖြစ်သလို မြောက်ကိုရီး ယားကို အစမ်းသဘောကျူးကျော်နေတာလို့ ဆိုလိုက်ပါတယ်။

 

ထပ်ဆွေးနွေးဖို့မရှိ

 

မကြာသေးခင်က သမ္မတ ထရမ့်ဆီ ပေးပို့ခဲ့တဲ့စာထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ရယ်စရာကောင်းပြီး ငွေကုန်ကြေးကျများတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေရတာနဲ့ ပတ်သက်ပြီး စောဒကတက်ခဲ့ဟန် ရှိပါတယ်။နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ သောင်မတင် ရေမကျ ဖြစ်ရတဲ့ အဓိကအကြောင်းက စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ တောင်ကိုရီးယားရဲ့ အပြစ်ကြောင့်ပဲလို့ မြောက်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါ တယ်။ ဒီတော့ ကျွန်ုပ်တို့အနေနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ နောက်ထပ်ဆွေးနွေးဖို့ ဘာအကြောင်းမှ မရှိ တော့ဘူးလို့ အဲဒီအာဏာပိုင်ရဲ့ ပြောကြားချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်း အေဂျင်စီက ဖော်ပြပါတယ်။

 

တိုက်ရိုက်ဆွေးနွေးဖို့လား

 

တောင်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးဖို့ကို ငြင်းဆန်လိုက်ခြင်းအားဖြင့် မြောက်ကိုရီးယားဟာ အမေရိကန် ပြည်ထောင်စုနဲ့ တိုက်ရိုက်ပြောဆိုဖို့ ပိုပြီးလိုလားတယ်ဆိုတာကို အချက်ပြလိုက်တာများလားလို့လည်း တွေးစရာရှိပါတယ်။ ဒါက မစ္စတာထရမ့်နဲ့ ကင်ဂျုံအန်းတို့အကြား ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ကူညီဆောင်ရွက် ပေးမယ့် တောင်ကိုရီးယားခေါင်းဆောင်အတွက် ထိချက်ပြင်းတဲ့ ထိုးနှက်ခံရမှုတစ်ခုပါ။ပြုံယမ်းအနေနဲ့ ဝါရှင်တန်ရဲ့ ထောက်ခံချက်မပါဘဲ ၄င်းရဲ့ အိမ်နီးချင်းဆီက ဘာလိုက်လျောချက်မှ မရနိုင်ဘူးလို့ တွက်ဆ နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တချို့က သုံးသပ်ထားပါတယ်။

 

ဆက်သွယ်ခွင့်ပေး

 

ပြီးတော့လည်း လက်ရှိမှာ ခေါင်းဆောင်ကင်ဟာ အိမ်ဖြူတော်နဲ့ တိုက်ရိုက်ဆက်သွယ်မှုလမ်းကြောင်း တစ်ခုရှိနေသလို သမ္မတထရမ့်ဆီ ပေးစာတွေ ရောက်ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒါဟာ သမ္မတထရမ့်နဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးလို့ တွေးနေနိုင်ပါတယ်။ သမ္မတထရမ့် အစိုးရအဖွဲ့ကလည်း ဒီနည်းအားဖြင့် ပြုံယမ်းကို လွတ်လပ်တဲ့ ဆက်သွယ်ဝင်ရောက်ခွင့် ပေးထားပါတယ်။နောက်တစ်ချက်က ပြီးခဲ့တဲ့ တာတိုပစ် ဒုံးကျည်ခြောက်စင်းအထိ ပစ်ခတ်ခဲ့မှုတွေမှာ အမေရိကန်အနေနဲ့ ၄င်းရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ခြိမ်းခြောက် လာနိုင်တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုး မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေက ၄င်းအတွက် သိပ်ပြီးကိစ္စမရှိလှဘူးဆိုတဲ့ စကားမျိုးလောက်ပဲ သမ္မတထရမ့်က ပြောခဲ့တာပါ။

 

ပိုပေးစေချင်

 

ပြီးခဲ့တဲ့ရက်တွေအတွင်း သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို တောင်ကိုရီးယားမှာ ချထားရတာ တွေအတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယားဘက်က ဒီထက်ပိုပေးဖို့ ဖိအားပေးချင်နေတာနဲ့ လက်ရှိလုပ် နေတဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေဟာ အတော်လေး ကုန်ကျစရိတ်ကြီးမားကြောင်း တွစ်တာပေါ်မှာ လူသိ ရှင်ကြား ထုတ်ဖော်ရေးသားခဲ့ပါတယ်။အခုဖြစ်နေတဲ့ အခြေအနေတွေကို တွက်ဆကြည့်ရင် နျူကလီးယား လက်နက် ဖျက်သိမ်းရေးမျှော်လင့်ချက်ဟာ လုံးဝဆုံးရှုံးသွားပြီလို့ မဆိုသာပေမယ့်လည်း တောင်ကိုရီးယား သမ္မတ မွန်ဂျယ်အင်းအနေနဲ့ မကြာခင်အချိန်အတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဆိုးလ်မြို့မှာ ဆွေးနွေးပွဲကျင်းပနိုင်ဖို့ကတော့ ခက်ခဲဦးမယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ