ကိုရီးယားမင်းသားတစ်ဦး ပါဝင်မည့် “ရင်ဝှက်အက္ခရာ”  ရုပ်ရှင်ဇာတ်ကားကို မြစ်ကြီးနားနှင့် ပူတာအိုအထိ သွားရောက်ရိုက်ကူးမည်

AA Film Production မှ စီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးမည့် “ရင်ဝှက် အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် ထွန်းကိုကို၊ ကိုရီးယားမင်းသား Mah Won Woo နှင့် နန်းဆုဦးတို့ အဓိက ပါဝင်သရုပ်ဆောင်သွား မည်ဖြစ်ပြီး ဇာတ်ကားကို မြစ်ကြီးနားနှင့် ပူတာအို ဒေသအထိ သွားရောက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ အောင်ကိုလတ်က “ဒီကားကို ရိုက်ကူးထုတ်လုပ်မယ့် AA Film Production ကို ကျေးဇူးတင်ပါတယ်၊ နိုင်ငံပေါင်း သုံးနိုင်ငံမှာ သွား ရောက်ရိုက်ကူးမယ်လို့ သိရပါတယ်၊ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို သွားဖို့အတွက်ဆို ကျွန်တော့်အနေနဲ့ တတ်အားသမျှ ပံ့ပိုးသွားဖို့ အဆင်သင့်ပါပဲ။ ဒီကားရဲ့ အရည်အသွေးပိုင်းရော၊ ဇာတ်ရဲ့ ပုံစံလေးကိုရော အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားမှာပါ”ဟု ပြောကြား သည်။

ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားသော သရုပ်ဆောင် ထွန်းကိုကိုက “ကျွန်တော့်အတွက် တာဝန်ကြီးတယ်။ ကျွန်တော် အများကြီး ကြိုးစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားမှာ ကိုရီးယား မင်းသားလည်းပါတော့ အားလုံး တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံး ကြိုးစားရမယ်။ ဒါရိုက်တာကတော့ ဦးအောင်ကိုလတ်ဆိုတော့ ကျွန်တော့်အတွက် ကံကောင်းခြင်း ဆုလာဘ်တစ်ခုလို့ ထင်ပါတယ်”ဟု ပြောသည်။

နန်းဆုဦးကလည်း ပါဝင်သရုပ်ဆောင်ရမည့် ကာရိုက်တာနှင့် ဇာတ်လမ်းအတွက် ကြိုတင်ပြင်ဆင်ခဲ့ရပုံများနှင့် ပတ်သက်၍ “ဒီဇာတ်ကားလေးက နူးနူးညံ့ညံ့ အချစ်ဇာတ်ကားလေးဆိုတော့ အဓိက ကတော့ စိတ်ကို နူးညံ့ပျော့ပျောင်းအောင် ဒီကားမရိုက်ခင် နှစ်ပတ်လောက်မှာ သီချင်းနားထောင်ရင်တောင်မှ အချစ်သီချင်းလေးတွေ နားထောင် ရတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်မှုလေးတွေတော့ လုပ်ထားပါတယ်။ ရုပ်ရှင်ဇာတ်ကားကိုတော့ မေ ၂၀ ရက်ကျရင် ပူတာအိုမှာ စတင်ရိုက်ကူး သွားမှာပါ။ ညီမကို ဆရာအောင်ကိုလတ်က ဒီကားမှာ နူးညံ့ရမယ်လို့ ကြိုပြီးမှာထားတယ်၊ ညီမရဲ့ ကာရိုက်တာကတော့ မြန်မာမိန်းကလေး တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ပုံစံလေး လုပ်ပြရမှာပါ၊ အဲဒီအတွက်လည်း ကြိုးစားထားပါတယ်၊ ကိုရီးယားမင်းသား ပါမယ်ဆိုတာကတော့ အရင်က ကိုရီးယားကားတွေ ကြည့်ခဲ့ဖူးတယ်လေ၊ ဒါပေမယ့် ကိုရီးယားသရုပ်ဆောင်နဲ့ တွဲရိုက်ရမယ်လို့ မစဉ်းစားဖူးဘူး၊ အခုလို ရိုက်ကူးရလို့ ပျော်ပါတယ်” ဟု ပြောသည်။

ကိုလင်း