ကိုရီးယား၌  E-9 Visa လုပ်သားများ သတ်မှတ်ရမှတ် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇ) ပြောင်းလဲလျှောက်ထားနိုင်

ရန်ကုန် မေ ၁၈

ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

အဆိုပါ သံရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပြောင်းလဲလိုက်သော ဗီဇာမူဝါဒ အခြေအနေကို မေ ၁၆ ရက်တွင် အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုကြေညာချက်၌ ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 2024 Briefing Session on Visa Policy အစည်းအဝေးသို မြန်မာသံရုံး၊ ဆိုလ်းမြိုမှ ပါဝင်တက်ရောက်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သား ရှားပါးလာသည့် အခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇ) ပြောင်းလဲလျောက်ထားနိုင်ကြောင်းကို သက်ဆိုင်ရာ သံရုံးမှတစ်ဆင့် အသိပေးကြေညာနိုင်ရန် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

ဆွေးနွေးချက်များအရ E-7-4 Visa လျောက်ထားလိုသူများအနေဖြင့်  E-9 ၊ E-10နှင့် H-2 Visa ဖြင့်နေထိုင်သူများလျှောက်ထားနိုင်ပြီး ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် (၁၀)နှစ်အတွင်း၌ (၄)နှစ်နှင့်အထက်နေထိုင်သူ၊ လက်ရှိအလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ်(၂)နှစ်အနည်းဆုံးရှိရမည်ဖြစ်ပြီး နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ်(၂၆)သန်းနှင့်အထက် ရရှိသူဖြစ်ရမည်ဟု ပါရှိသည်။

ထိုအတူ လုပ်သက်၁နှစ်နှင့်အထက် အနည်းဆုံးရရှိထားသော လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီထောက်ခံချက်နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှုရမှတ်(၂၀၀)နှင့် အထက်ရရှိသူနှင့် ကိုရီးယားနိုင်ငံအတွင်း၌ နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်းမရှိသူဖြစ်ရမည်ဟုလည်း ဖော်ပြထားသည်။

ထိုအပြင်ကိရီးယားနိုင်ငံ၏ မွေးဖွားမှုနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားလာခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်နိုင်သူ နည်းပါးလာခြင်း အခြေအနေတိုကြောင့် နယ်မြို (၆၆)မြိုတွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ Regional-Specialized Visa(F-2-R)ကိုလျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို https://www.hikorea.go.ko/Main.pt တွင် လေ့လာနိုင်ကြောင်းလည်း သံရုံးမှ အသိပေးကြေညာထားသည်။

MT