ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ပြောကြား

 

ဆိုးလ် မေ ၁၀

 

ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်နှင့် နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားသည်။

 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ၎င်း၏သမ္မတသက်တမ်း ငါးနှစ်မကုန်ဆုံးမီ နာရီပိုင်းအလိုဖြစ်သည့် မေ ၉ ရက်နံနက်ပိုင်းတွင် ပြောကြားခဲ့သည့် နှုတ်ဆက်မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲကို အသုံးချကာ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေးအဆင့်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနှင့် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုကို  အရှိန်မြှင့် လုပ်ဆောင်နေသည်ကို   တွေ့ရှိရကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ ယွန်ဆက်ယိုးလ်၏ အစိုးရအနေဖြင့် ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေးများကို တိုးမြှင့်စေရေး နည်းလမ်းများကို ဆက်လက်လုပ်ဆောင်စေလိုကြောင်း တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်