ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ရိုက်ခတ်လာမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးဆက်များ

၂၉ ဧပြီ

 

(ဧပြီ ၂၅ ရက်မှအဆက်)

 

တစ်နည်းအားဖြင့် ငွေကြေးဈေးကွက် မှာလည်း မသေချာမရေရာမှုတွေ ဖြစ်ပေါ် နေတဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေဟာလည်း သိပ်ပြီးစွန့်စားမှုတွေ မလုပ်ချင်ကြတဲ့ အနေ အထားရှိပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ဘဏ်တွေမှာ ငွေသွင်း/ငွေထုတ်မှုတွေလည်း လျော့နည်း ကျဆင်းခဲ့တာကြောင့် ဘဏ်တွေလည်း ဝင်ငွေလျော့နည်းသွားမယ့် အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အချိန်ကာလရှည်ကြာ ခဲ့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးဈေးကွက်အပေါ် သက်ရောက်မှုတွေ ပိုမိုများပြားမှာ ဖြစ်ပါတယ်။ [ အခု ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ စီးပွားရေးအရ ရိုက်ခတ်မှု ဒဏ်ချက်ကို ကုစားနိုင်ဖို့ နိုင်ငံအလိုက် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို သက်ဆိုင်ရာ အစိုးရတွေက ကြေညာခဲ့တာတွေရှိပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် လေကြောင်းလိုင်းတွေ အပါအဝင် ငွေကြေးလည်ပတ်မှု အခက်အခဲကြုံတွေ့နေရတဲ့ စီးပွားရေးကုမ္ပဏီကြီးတွေကို အထူးချေးငွေထုတ်ချေးခြင်း၊ ငွေကြေးအရ အထောက်အပံ့ပေးခြင်း အစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါ တယ်။ အမေရိကန်နိုင်ငံမှာလည်း မတ်လ ၃ ရက်နေ့က အရေးပေါ်အခြေအနေအဖြစ် Federal Reserve Bank က အတိုးနှုန်းလျှော့ချခြင်း ပြုလုပ်ခဲ့သလိုငွေကြေးအကျပ် အတည်းတစ်ရပ်အထိဖြစ်မလာစေဖို့ အခြားဘဏ်လုပ်ငန်း ကြီးကြပ်သူတွေနဲ့ညှိနှိုင်းပြီး အခက်အခဲကြုံတွေ့နေရတဲ့ စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးနိုင်ဖို့လည်း ဆောင်ရွက်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့် ကလည်း လစာဝင်ငွေခွန်နှုန်းထားတွေလျှော့ချဖို့နဲ့ ထိခိုက်မှုရှိတဲ့ အချိန်ပိုင်းအလုပ် သမားတွေ၊ စက်ရုံ၊ အလုပ်ရုံတွေအတွက် အထောက်အပံ့တွေပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလားတူ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ အီတလီနိုင်ငံ၊ အရှေ့တောင်အာရှ နိုင်ငံတွေဟာလည်း စီးပွားရေးအရ အကူအညီ အထောက်အပံ့ပေးမယ့် အစီအစဉ်တွေ (economic stimulus package) 0 000 $609223 ခဲ့ကြပါတယ်။ ဒီအစီအစဉ်တွေ လုံလောက်မှု ရှိ/မရှိ ဆိုတဲ့အချက်ဟာ ကိုဗစ် - ၁၉ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်မှုအခြေအနေ၊ စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်မယ့် ထိရောက်တဲ့ အခြားစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ်မှာလည်း များစွာ တည်မှီနေပါတယ်။

 

မတ်လအတွင်းက ကျင်းပခဲ့တဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်အုပ်ချုပ် ရေးမှူးများအစည်းအဝေးမှာ ငွေကြေးဆိုင်ရာ အထောက်အကူပြုအစီအစဉ်တွေ ဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့ပေမယ့် သေချာရေရာတဲ့ အစီအစဉ်မျိုး ဖော်ထုတ်ခဲ့တာတော့ မတွေ့ရပါ ဘူး။ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာ ဘီလီယံ ၅၀ နဲ့ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂ ဘီလီယံကူညီ ထောက်ပံ့ဖို့ လျာထားကြောင်း ထုတ်ဖော် ကြေညာခဲ့ကြပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပွားတဲ့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို ကမ္ဘာ့ငွေကြေး အကျပ်အတည်းဖြစ်စဉ်က စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကိုဗစ်-၁၉ ရဲ့ အကျိုးသက်ရောက်မှုက ပိုမိုပြီးဆိုးရွားနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။ ပထမအချက်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဝယ်လိုအား မတည်မငြိမ်ကျဆင်းမှု (Demand shock) ဟာ ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းတွေ လျော့နည်းသွားစေဖို့ အကြီးမားဆုံး ရိုက်နှက်ချက်ပဲ ဖြစ်သလိုချက်ချင်း အကျိုးသက်ရောက်မှုလည်း ရှိပါတယ်။ ဒုတိယအချက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းနဲ့အတူ ငွေလုံးငွေရင်းသုံးစွဲမှုတွေ ကိုလည်း လျှော့ချလာကြမှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လက်ရှိ ကိုဗစ် - ၁၉ ကပ်ရောဂါဟာ ငွေကြေးကဏ္ဍနဲ့ တိုက်ရိုက် ဆက်နွယ်တဲ့ အကျပ်အတည်း မဟုတ်သော်လည်း စီးပွားရေးကဏ္ဍတွေအပေါ်ရိုက်ခတ်မှု ကြီးမားတာကြောင့် ငွေကြေးဆိုင်ရာ ကတိကဝတ်တွေ ပျက်ယွင်းခြင်းနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီးဆင်းခြင်းအပေါ် ထိခိုက်လာမယ့် ဆင့်ကဲဖြစ်စဉ်တွေ ရှိလာမှာ ဖြစ်ပါတယ်။

 

ဒီကာလအတွင်း ထူးခြားချက်တစ်ခုအနေနဲ့ ကြားသိရတဲ့ သတင်းကတော့ ဂျပန်နိုင်ငံ အစိုးရဟာ တရုတ်နိုင်ငံအတွင်းမှာ သွားရောက် လုပ်ငန်းဆောင်ရွက်နေကြတဲ့ ဂျပန်စီးပွားရေး ကုမ္ပဏီတွေ တရုတ်နိုင်ငံတွင်းကနေ ပြန်လည် ပြောင်းရွှေ့ ထွက်ခွာနိုင်ဖို့အတွက် အကူအညီ ပေးနိုင်ဖို့ ဂျပန်ယန်းငွေ ၂၄၃ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) ကို လျာထားကြောင်း ကြေညာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီထပ်တိုးဘတ်ဂျက်ကနေ ဂျပန်နိုင်ငံအတွင်း ပြန်လည်ပြောင်းရွှေ့ လုပ်ကိုင်ကြမယ့် ကုမ္ပဏီတွေအတွက် ယန်း ဘီလီယံ ၂၀၀၊ အခြားနိုင်ငံ တွေကို ပြောင်းရွှေ့ အခြေချလုပ်ကိုင်ကြမယ့် ကုမ္ပဏီတွေအတွက် ယန်း ၄၃ ဒသမ ၅ ဘီလီယံကို သုံးစွဲသွားမယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေ ခေတ္တ ရပ်နားမှုကြောင့် ဂျပန်နိုင်ငံရဲ့ မော်တော်ကား ကုမ္ပဏီတွေအတွက် လိုအပ်နေတဲ့ ကားအစိတ် အပိုင်းပစ္စည်းတွေ၊ အပိုပစ္စည်းတွေနဲ့ အခြား ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် အခြေခံကုန်ကြမ်းပစ္စည်းတွေ တရုတ်ဘက်က ပေးပို့မှု ရပ်ဆိုင်းခဲ့တာကြောင့် ဂျပန်နိုင်ငံဟာကုန်ထုတ် လုပ်ငန်းအတွက် တရုတ်နိုင်ငံအပေါ် အလွန် အမင်းမှီခိုနေရမှုကို ပြန်လည်စဉ်းစား ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီမူဝါဒ အပြောင်းအလဲကြောင့် တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ တရုတ်နိုင်ငံတွင်း စတင်ဖြစ်ပွားခဲ့ချိန်မှာ ဂျပန်နိုင်ငံက တရုတ်နိုင်ငံအတွက် အကူအညီတွေ ပေးအပ်ခဲ့တာရယ်၊ ဂျပန်နိုင်ငံFujifilm HoldingsCorp. က ထုတ်လုပ်နေတဲ့ Avigan ဆေးဝါးဟာ ကိုဗစ်-၁၉ ကုသဖို့အတွက် ထိရောက်တဲ့ ဆေးဝါးဖြစ်လာနိုင်တယ်လို့ တရုတ်နိုင်ငံက ချီးကျူးပြောဆိုခဲ့မှုတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးတဲ့သဘောရှိခဲ့ရာကနေ အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

အလားတူ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ကလည်း တရုတ်နိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ စက်ရုံတွေကို မိမိတို့နိုင်ငံတွင်း ပြန်လည်ပြောင်းရွှေ့ဖို့ (ဒါမှမဟုတ်) တရုတ် နိုင်ငံပြင်ပ နိုင်ငံတစ်ခုခုဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားလာကြပါတယ်။ အမေရိကန်အပါအဝင် |အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းကြီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က တရုတ်နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ခဲ့ကြတဲ့ အဓိကအချက်တွေက ကုန်ကျစရိတ်သက်သာမှုနဲ့ ကြီးမားတဲ့ ဈေးကွက်ကြီးရှိနေမှုကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ကြီးမားလာတဲ့အခါ တရုတ်နိုင်ငံက သွင်းကုန် တွေအပေါ် အမေရိကန်က အခွန်အကောက် နှုန်းထားတွေ တိုးမြှင့်တာတွေ၊ ပိတ်ပင်မှုတွေ ပြုလုပ်လာတဲ့ အန္တရာယ်တွေ များပြားလာတာကြောင့် တရုတ်နိုင်ငံတွင်းကနေ လုပ်ငန်းတွေ ရွှေ့ ပြောင်းဖို့ ၂၀၁၉ ခုနှစ် လောက်ကတည်းက စတင်စဉ်းစားလာခဲ့ကြပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလာတဲ့အခါ အနောက်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံတွင်းမှာ လိုအပ်နေတဲ့ မဟာဗျူဟာကျတဲ့ ကုန်ပစ္စည်းတွေ အတွက်တရုတ်နိုင်ငံအပေါ်မှာ အလွန်အမင်း မှီခိုနေရတယ်ဆိုတာ တွေ့လာခဲ့ကြပါတယ်။ ဥပမာတစ်ခုပြရရင် Ibuprofen ဆေးဝါး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ထုတ်လုပ်တဲ့ Ibuprofen ဆေးဝါးပမာဏ အများအပြား ကို တရုတ်နိုင်ငံမှာထုတ်လုပ်တာ ဖြစ်ပါတယ်။ အလားတူ အမေရိကန်နိုင်ငံကဆေးရုံတွေမှာ အခု အပူတပြင်းလိုအပ်နေတဲ့အသက်ရှူစက် တွေကိုလည်း အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ GM နဲ့ Telsa တို့က ထုတ်လုပ်ပေးနေသော် လည်း လိုအပ်သလောက် ပမာဏကို ထုတ်လုပ်ပေးနိုင်ခြင်းမရှိတာ တွေ့ရပါတယ်။ ခွဲစိတ်ခန်းသုံး N95 နှာခေါင်းစည်းတွေ ကိုလည်း 3M ကုမ္ပဏီက အများအပြား ထုတ်လုပ်ပေးနေပေမယ့် လိုအပ်နေတဲ့ နှာခေါင်းစည်းသုံးပုံနှစ်ပုံကို အာရှဒေသကနေ တင်သွင်းနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ အနည်းဆုံးအားဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းတွေကို နိုင်ငံတွင်း ပြန်လည်ပြောင်းရွှေ့ခြင်း (သို့မဟုတ်) တတိယနိုင်ငံတစ်ခုခုကို ပြောင်းရွှေ့အခြေချခြင်းတို့ကို ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။

 

နောက်တစ်ချက်က ကိုဗစ်-၁၉ ကြောင့် လူမှုအဖွဲ့အစည်းအချို့အကြား အရိုးစွဲနေတဲ့ လုပ်ပုံကိုင်ပုံတွေလည်း အပြောင်းအလဲ ရှိလာနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ဝန်ထမ်းတွေဟာ ရုံးမှာ အချိန်နာရီပေါင်းများစွာ ကုန်ဆုံးကြပြီး ညဉ့်နက်ပိုင်းရောက်မှ မိတ်ဆွေတွေနဲ့ ညစာစားသောက်ကြတဲ့ အမူအကျင့်ဟာ အောင်မြင်မှုအတွက် အမှတ်သင်္ကေတတစ်ရပ်အဖြစ် ဆယ်စု နှစ်ပေါင်းများစွာ လက်ခံလာခဲ့ကြတာ ဖြစ်ပါ တယ်။ ဒီလိုအလုပ်အပေါ်မှာ စွဲစွဲလမ်းလမ်းထားရှိမှု (Workaholic culture) အစဉ် အလာဟာ ကိုဗစ်-၁၉ ကြောင့် အပြောင်း အလဲတွေ စဖြစ်လာခဲ့ပါတယ်။ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ အဝေးကနေလှမ်းပြီး အလုပ်လုပ်ခြင်း (remote work) ဟာလည်း အလုပ်ဖြစ်ကြောင်း တွေ့ရှိလာခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Panasonic နဲ့ Unicharm တို့ဟာ အခုဆိုရင် အဝေးကနေလှမ်းပြီး အလုပ်လုပ် တဲ့စနစ်ကို စတင်နိုင်ဖို့ကြိုးပမ်းနေကြမှုဟာ အခုဆိုရင် ဂျပန်နိုင်ငံမှာ လူအများစိတ်ဝင်စားတဲ့ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာနေပါတယ်။ အလားတူ စီးပွားရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း အခုဆိုရင် အင်တာနက်ကတစ်ဆင့် ရောင်းချ မှုဘက်ကို ပြောင်းရွှေ့လာကြမယ့် အလားအလာတွေလည်း များပြားလာနေပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)

တက္ကသိုလ်ဟန်စိုးဦး