ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိရသော တောင်အာဖရိကနိုင်ငံမှ လေကြောင်း ခရီးစဉ်များကို နိုင်ငံပေါင်း ငါးနိုင်ငံ ပိတ်ပင်

၂၂ ဒီဇင်ဘာ

 

 

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှုကို မကြာသေးမီက တွေ့ရှိခဲ့ပြီးနောက် ထိုနိုင်ငံမှလေကြောင်းခရီးစဉ်များကို နိုင်ငံပေါင်း ငါးနိုင်ငံထက်မနည်း ခေတ္တရပ်ဆိုင်းထားခဲ့သည်။

 

 

ဂျာမနီ၊ တူရကီ၊ အစ္စရေး၊ ဆွစ်ဇာလန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့က ကိုဗစ်-၁၉ ရောဂါမျိုးဗီဇသစ် ကူးစက်မှုပျံ့နှံ့မှုကို ကာကွယ်ရန် လေကြောင်းခရီးစဉ်များကို ပိတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အဆိုပါ လေကြောင်းခရီးစဉ် ပိတ်ပင်မှုသည် ထိုနိုင်ငံ အများစုတွင် တနင်္လာနေ့မှစတင် အကျိုးသက်ရောက်မည် ဖြစ်သည်။

 

 

အစ္စရေးနိုင်ငံကလည်း ထိုလေကြောင်း ခရီးစဉ်များကို တနင်္ဂနွေနေ့က ပိတ်ပင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံမှ ပြန်လာသောမိမိတို့ နိုင်ငံသားများ အနေဖြင့် ရက် ၃၀ ကြာ ကွာရန်တင်းဝင်ရန် လိုအပ်မည်ဟု ဆိုသည်။

 

 

အရှေ့ပိုင်း ကိပ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှုတွေ့ရှိခဲ့ပြီး ကာဇူလူ-နာတယ်လ်နှင့် အနောက်ပိုင်းကိပ်ပြည်နယ်တို့တွင်လည်း ကူးစက်မှုရှိခဲ့သည်။

 

 

ကျန်းမာရေးဝန်ကြီး Zweli Mkhize က ၎င်းဝန်ကြီးဌာန စောင့်ကြည့်လေ့လာမှု ပြုလုပ်ရာတွင် လူငယ်အများအပြားတွင် ဖျားနာခြင်းမရှိပဲ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

 

စုဆောင်းရရှိသော အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းသည် ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်မှုဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

 

 

ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိရပြီးနောက်ပိုင်း နိုင်ငံအတော်များများက ၎င်းတို့၏ လေကြောင်းခရီးစဉ်များ ပိတ်ပင်ထားသော စာရင်းတွင် ဗြိတိန်နိုင်ငံကိုလည်း ထည့်သွင်းထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို