ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်သည် ဝူဟန်မြို့ဓာတ်ခွဲခန်းမှ စတင်ခြင်းမဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပြောကြား

ဂျီနီဗာ ၁၀ ဖေဖော်ဝါရီ

တရုတ်နိုင်ငံ ဝူဟန်မြို့ သို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်သည် ဝူဟန်မြို့ ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များပါဝင်သော တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်စစ်ဆေးသည့် ခရီးစဉ်သည် ယမန်နေ့တွင် ပြီးဆုံးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များသည် ဝူဟန်မြို့၌ စုံစမ်းစစ်ဆေးမှုများကို ဇန်နဝါရီ ၂၉ ရက်တွင် စတင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အများဆုံးတွေ့ရှိခဲ့သည့် ပင်လယ်စာဈေး အပါအဝင် ပထမဆုံးသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များအား ဆေးဝါးကုသမှုပေးခဲ့သည့်ဆေးရုံ၊ ရောဂါပိုးမွှားများ သုတေသနပြုလုပ်သည့် ဓာတ်ခွဲခန်းနှင့် ရောဂါပိုးမွှားများ ဆိုင်ရာ အင်စတီကျူးတို့ကိုလည်း သွားရောက်ခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အခမ်းအနားတစ်ခုသို့လည်း တက်ရောက်ခဲ့သည်။

၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၏ မူလဇာစ်မြစ်သည် ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့ဖွယ်မရှိကြောင်း အဖွဲ့ခေါင်းဆောင် ပီတာဘန်အမ်ဘာရက်က ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဘက်ကျွမ်းကျင် ပညာရှင်များအဖွဲ့သည် ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဆိုင်ရာ အင်စတီကျသို့သွားရောက်ခဲ့ပြီး တာဝန်ရှိသူများအား ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ အဆိုပါ အင်စတီကျူမှ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့သည်ဟု သမ္မတထရမ့်က စွပ်စွဲပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့၏ တွေ့ရှိချက်များအပေါ် လွတ်လပ်သော ပြန်လည်သုံးသပ်မှုတစ်ရပ် ပြုလုပ်ရန်နှင့် အမေရိကန် ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့အား ဝူဟန်မြို့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ဆန္ဒရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့်ပတ်သက်ပြီး ဝူဟန် မြို့တွင် စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအနေဖြင့် ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားဖွယ် ရှိကြောင်း မျှော်လင့်ရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်