ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းများလာတဲ့အတွက် ချက်နိုင်ငံက စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ပိတ်ထားရန် အမိန့်ထုတ်ပြန်

၁၄ အောက်တိုဘာ

ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းများလာတဲ့အတွက် စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ အရက်သေစာရောင်းတဲ့ ဆိုင်တွေကို ဒီနေ့ (ဗုဒ္ဓဟူးနေ့)ကစပြီး နိုဝင်ဘာ ၃ ရက်နေ့အထိ ပိတ်ထားရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ချက်နိုင်ငံရဲ့ ဝန်ကြီးချုပ်လည်းဖြစ် ဘီလီယံနာသူဌေးလည်းဖြစ်တဲ့ မစ္စတာ ဘာဘီစ်က ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုကို အောင်မြင်အောင် လုပ်နိုင်ဖို့ ချက်နိုင်ငံသားတွေအတွက် ကြိုးစားကြည့်ဖို့ တစ်ခုပဲရှိတယ်။ အဲဒါကို အောင်မြင်အောင် လုပ်ဆောင်ရမယ်လို့ ပြောကြားပါတယ်။ 

လူဦးရေ ၁၀ ဒသမ ၇ သန်းနေထိုင်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ ၈,၆၁၈ ဦးရှိပေမယ့် စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့မှာ ပိုးတွေ့လူနာဟာ ၃,၀၀၀ ကျော်နဲ့ ၄,၀၀၀ ကျော်သာရှိခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် (အင်္ဂါနေ့)မှာ ပိုးတွေ့လူနာ ၈,၃၂၆ ဦးရှိပြီး သေဆုံးသူ ၅၅ ဦးရှိကြောင်း သိရပါတယ်။

ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဦးရေဟာ လူဦးရေ ၁၀၀,၀၀၀ မှာ ၄၉၃ ဦးအထိ ရှိလာပြီးဖြစ်ရာ ဘယ်လ်ဂျီယံနိုင်ငံမှာ ၄၀၂ ဒသမ ၅ ဦးသာ ရှိတဲ့အတွက် ဘယ်လ်ဂျီယံထက် ပိုပြီးများလာကြောင်း သိရပါတယ်။

ချက်နိုင်ငံ ကျန်းမာရေးဝန်ကြီးက အခုထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို သီတင်းနှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်းမှာ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ အဲဒီလို မလုပ်ခဲ့ရင် ဆေးရုံမှာ ကုသနိုင်တဲ့ အခြေအနေမရှိနိုင်တာမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး အားကစားပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံ၊ ပြတိုက်တွေနဲ့ ပြခန်းတွေကို ခေတ္တပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ချက်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၉,၇၄၇ ဦးရှိပြီး သေဆုံးသူ ၁,၁၀၆ နဲ့ ပြန်လည်ကျန်းမာလာသူ ၅၉,၉၀၁ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDN

ကိုးကား - AFP