ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထပ်မံအနိုင်ယူနိုင်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ်ပြောကြား

၅ အောက်တိုဘာ

နယူးဇီလန် ဝန်ကြီးချုပ် အာဒန်က နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန်းမြို့မှာ ချမှတ်ထားတဲ့ ဗိုင်းရပ်စ်ပိုး တားဆီးရေး စည်းမျဉ်းတွေကို လာမယ့်ရက်ပိုင်းအတွင်း ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပြီး နယူးဇီလန်ဟာ ဗိုင်းရပ်စ်ပိုးကို ထပ်မံအနိုင်ယူမယ်လို့ ဒီနေ့ ပြောကြားလိုက်ပါတယ်။

နယူးဇီလန်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိတာ ၁၀၂ ရက်ရှိခဲ့ရာကနေ ဩဂုတ်လက အော့ကလန်းမြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်တွေ့ရှိခဲ့တဲ့အတွက် ၁ ဒသမ ၅ သန်းနေထိုင်တဲ့ မြို့ကို သီတင်းသုံးပတ် အသွားအလာ ကန့်သတ်ပြီး lockdown ချမှတ်ခဲ့ပါတယ်။

 

mdn

 

ယခုအခါ အော့ကလန်းမြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိတာ ၁၂ ရက်ရှိနေပြီး ဝန်ကြီးချုပ်က မြို့ခံတွေဟာ ဒုတိယအကြိမ် lockdown ကို ခံနိုင်ရည်ရှိခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ အခုတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းနိုင်ပြီလို့ ပြောဆိုပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကစပြီး အော့ကလန်းမြို့ဟာလည်း နိုင်ငံတွင်းက တခြားနေရာတွေနည်းတူ ဗိုင်းရပ်စ်ပိုးကူးစက်မှု ကာကွယ်ရေးအဆင့် ၁ သို့ရောက်ရှိသွားပြီလို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ကာကွယ်ရေးကို အဆင့် ၄ ဆင့် သတ်မှတ်ပြီး ကူးစက်မှု ထိန်းချုပ်ရေး လုပ်ဆောင်ခဲ့ပါတယ်။

ပြောင်းလဲမယ့် ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးအဆင့်မှာ အော့ကလန်းမြို့ခံတွေဟာ လွတ်လွတ်လပ်လပ် စုဝေးနိုင်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာကျင်းပမယ့် အားကစားပွဲကို အော့ကလန်းမြို့ခံတွေ ပါဝင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား- AFP