ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားလာတဲ့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့ရှိ ဘားတွေ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်

၁၃ အောက်တိုဘာ

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများပြားနေတဲ့ လီဗာပူး မြို့အား ရောဂါပိုး ကူးစက်မှုမှ ထိန်းချုပ်ရန်အတွက် ဘုံဆိုင်တွေအားလုံးကို ပိတ်ထားရမယ်လို့ အမိန့်ထုတ်ပြန်ပြီး ဖလောရင့်စ်နိုက်တင်ဂေးလို့ အမည်ပေးထားတဲ့ ယာယီဆေးရုံ သုံးခုကိုလည်း တစ်နိုင်ငံလုံးအတွက် ပြင်ဆင်ထားပြီး ပိုးကူးစက်ခံရသူတွေ ကုသပေးမယ်လို့ ပြောပါတယ်။

 

တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ အဆင့်သုံးဆင့်ပါ နည်းလမ်းအသစ်နဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေးလုပ်ဆောင်မယ်လို့ သိရပါတယ်။

 

အင်္ဂလန်ရဲ့ အနောက်မြောက်ပိုင်းရှိ လီဗာပူးမြို့အား ပိုးကူးစက်နိုင်မှု အမြင့်ဆုံး အဖြစ်သတ်မှတ်လိုက်ပြီး အဆောက်အအုံအတွင်းနဲ့ ဉယျာဉ်တွေမှာ ကျင်းပတဲ့ သီးသန့် အခမ်းအနားတွေ ကျင်းပခွင့် တားမြစ်ခြင်း၊ ဘားတွေ၊ ဘုံဆိုင်တွေ၊ အားကစားခန်းမတွေ၊ ဈေးဆိုင်တွေ နဲ့ ကက်စီနိုတွေပါမကျန် မနက်ဖြန် (ဗုဒ္ဓဟူးနေ့) က စပြီးပိတ်ရမှာ ဖြစ်ပါတယ်။

 

လူဦးရေ ၁.၅ သန်းနေထိုင်တဲ့ လီဗာပူးမြို့ခံလူတွေကိုလည်း တခြားဒေသတွေကို ခရီးမသွားဖို့ အကြံပြုထားပါတယ်။

 

အင်္ဂလန် နိုင်ငံတစ်နိုင်ငံလုံးရှိ ဘုံဆိုင်တွေကိုတော့ ည ၁၀ နာရီမှာ ပိတ်ရမယ့်လို့ အမိန့်ထုတ်ထားပါတယ်။ စကော့တလန်ရဲ့လူနေများတဲ့ ဒေသတွေရှိ ဘုံဆိုင်တွေကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ၁၆ ရက်တိတိပိတ်ထားရန် စကော့တလန်အစိုးရက အမိန့်ထုတ်ထားပြီးဖြစ်ပါတယ်။

 

ဆိုင်တွေ ပိတ်ထားရမှာဖြစ်တဲ့အတွက် အလုပ်သမားတွေအား လုပ်အားခ လစာရဲ့ သုံးပုံ နှစ်ပုံကို အစိုးရရဲ့ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေမှ ပေးအပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံမှာ တနင်္လာနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄,၀၀၀ နီးပါးရှိခဲ့ပြီး သေဆုံးသူ ၅၀ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ်က ကျောင်းနဲ့ တက္ကသိုလ်တွေကို ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ပြန်ပိတ်ခြင်း မပြုစေရန် ဧည့်ဝတ်ပြုခြင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံးကို အတင်းအကြပ် ပိတ်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

MDN

ကိုးကား - AFP