ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကမ္ဘာ့စီးပွားရေးဈေးကွက်အပေါ်ထိ သက်ရောက်မှုရှိလာ

၂၈ ဇန်နဝါရီ

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀ဝ ကျော်နဲ့ ရောဂါခံစားနေရသူ ထောင်ချီပြီးရှိနေချိန်မှာ ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာတာနဲ့အမျှ ကမ္ဘာ့စတော့ဈေးကွက်နဲ့ ရေနံဈေးနှုန်းကျဆင်းခဲ့သလို စွမ်းအင်နဲ့ နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေကလည်း မခိုင်မာတာကို တွေ့ရပါတယ်။


ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ချိန်ဟာ တရုတ်နှစ်သစ်ကူးချိန်ဖြစ်ပြီး နှစ်သစ်ကူးချိန်မှာ သန်းချီတဲ့ တရုတ်နိုင်ငံသားတွေဟာ ငွေအမြောက်အများသုံးစွဲလေ့ရှိပါတယ်။ တရုတ်အစိုးရက ဝူဟန်မြို့နဲ့ ဟူဘေပြည်နယ်ရဲ့ ကျန်တဲ့ မြို့တွေကိုပါ ခရီးသွားလာခွင့်တွေ ပိတ်ပင်လိုက်ပါတယ်။ နှစ်သစ်ကူးပိတ်ရက်ကိုလည်း မူလသတ်မှတ်ထားတဲ့ ဇန်နဝါရီ ၃၀ ရက်ထက် တိုးပြီးသတ်မှတ်လိုက်ခြင်းအားဖြင့် အသွားအလာကို ဟန့်တားလိုက်တာကို တွေ့ရပါတယ်။ 

ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ လေကြောင်းလိုင်းနဲ့ ကာစီနို ရှယ်ယာဈေးဟာ အထိခိုက်ဆုံးဖြစ်ပါတယ်။ ရေနံရှယ်ဟာဈေးဟာလည်း သီတင်းတစ်ပတ်ကျော်အတွင်းမှာ ၁၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းပြီး ထပ်မံကျဆင်းနိုင်ကြောင်း သတိပေးမှုတွေလည်း ရှိနေပါတယ်။ 

 

‌ေ

 

ဥရောပရဲ့ စတော့ဈေးကွက်ဟာ နှစ်ရာခိုင်နှုန်းကျော်ကျဆင်းချိန်မှာ Wall Street ဈေးကွက်ကတော့ အနည်းငယ်ကျဆင်းတာကို တွေ့ရပါတယ်။ 

ဆိုးလ်စတော့ဈေးကွက်မှာ သုံးရာခိုင်နှုန်းကျဆင်းပြီး၊ စင်ကာပူဈေးကွက်မှာ နှစ်ရာခိုင်နှုန်းကျော် ကျဆင်းတာကို တွေ့ရပါတယ်။ အလားတူ ဆစ်ဒနီဈေးကွက်မှာ ၁.၄ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ 

မနီလာ၊ ဂျာကာတာနဲ့ ဝယ်လင်တန် ဈေးကွက်တွေမှာတော့ တစ်ရာခိုင်နှုန်းကျော်ကျဆင်းပြီး တိုကျိုဈေးကွက်မှာတော့ ဝ.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ 

လွန်ခဲ့တဲ့ ၁၇ နှစ် ဆားရောဂါပိုးပျံ့နှံ့ချိန်က  ကမ္ဘာ့စတော့ဈေးကွက် ထိုးကျခဲ့သလိုမျိုး ဖြစ်မှာကို စိုးရိမ်နေကြောင်း စီးပွားရေးသုတေသီတွေက ပြောပါတယ်။ 

MDN
ကိုးကား -AFP