ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် မိသားစုတိုင်းတာဝန် … ကိုယ့်ပြည်ထောင်စုကိုယ်ကာကွယ်ရန် ပြည်ထောင်စုသားတိုင်းတာဝန် …

တက္ကသိုလ်မြတ်သူ

ဇာတိချက်ကြွေ၊ ရန်အောင်မြေနှင့်၊

သွန်းရေခံရာ၊ ခန်းဝါထင်ရှား၊

ဤသုံးပါး-မေ့ငြားမရှိရာ။

မဟာမင်းလှမင်းခေါင် ဦးရွှန်းရေးဖွဲ့ခဲ့သော မဟာသုတသောမပျို့နိဒါန်းတွင် လူတို့တစ်သက်ဘဝခရီးတစ်လျှောက် မမေ့အပ်သောနေရာဒေသသုံးခုကို ဖော်ညွှန်းပြခဲ့ပေသည်။ (၁) မိမိတို့ဇာတိချက်ကြွေ မွေးရပ်မြေဆိုသည်မှာ မြန်မာတို့အတွက်မူ ဤမြန်မာ့မြေ မြန်မာပြည်ထောင်စုပိုင်နက်နယ်မြေသည် မြန်မာအားလုံး မမေ့မလျော့ရှိရမည့်မြေဖြစ်သည်။ (၂) ရန်အောင်မြေဆိုသည်မှာ ရှေးဘုရင်များအဖို့ ရန်သူနှင့်တိုက်ခိုက်၍ အောင်မြင်သော နေရာဒေသကိုလည်း မမေ့ရဟုဆိုပါသည်။ (၃) မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်ဆိုရပါမူ နိုင်ငံကိုကျူးကျော်၊ ကျွန်ပြု၊ ဖိနှိပ်၊ ညှဉ်းပန်း၊ သွေးစုပ်ခြယ်လှယ်သော နယ်ချဲ့သမားတို့လက်မှ မြန်မာ့မြေ၊ မြန်မာပြည်သူ အားလုံးတို့၏ အချုပ်အခြာအာဏာကို ပြန်လည်တိုက်ယူအောင်မြင်ခဲ့သဖြင့် ၄-၁-၁၉၄၈ ရက်နေ့တွင် လွတ်လပ်ရေးပြန်ရခဲ့သည်။ ထိုနေ့ထိုရက်၊ ထိုအောင်ပွဲကြောင့် မြန်မာတို့လက်ပြန်ရောက်လာသော လွတ်လပ်ရေး၊ လွတ်လပ်သည့် မြန်မာပြည်ထောင်စုမြေ၊ မြန်မာ့မြေ၊ မြန်မာဘိုးဘွားအမွေအနှစ်မှ မြန်မာ့မြေကိုလည်း အစဉ်သတိတရ တန်ဖိုးထားကြရပေမည်။

လွတ်လပ်ရေးကြေညာစာတမ်း

လွတ်လပ်ရေးရသည့် ၄-၁-၁၉၄၈ ရက်နေ့ မြန်မာတို့က ကမ္ဘာသိထုတ်ပြန်ကြေညာသော လွတ်လပ်ရေးကြေညာစာတမ်းတွင် “ငါတို့၏ လွတ်လပ်ရေးကိုငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း။’’

တိုင်းရင်းသားစုံ မြန်မာပြည်သူအားလုံးက လွတ်လပ်လာသော နိုင်ငံတော်တွင် ရေ၊ မြေကောင်း၊ သယံဇာတ၊ ဓနဥစ္စာရတနာကြွယ်ဝသဖြင့် လွတ်လပ်ပြီး မကြာမီချမ်းသာကြွယ်ဝလာသော နိုင်ငံတော်၏ အသီးအပွင့် လွတ်လပ်သည့်အရသာ ခံစားစံစားနိုင်ကြတော့မည်ဟု မျှော်လင့်တွက်ဆကာ ပထမဆုံးသော လွတ်လပ်ရေး အောင်ပွဲကို အူလှိုက်သည်းလှိုက် ပျော်ပျော်ပါးပါး၊ ပီတိတဝေဝေဖြင့် ဆင်နွှဲခဲ့ကြသည်။ ပြည်သူများ၏ ထိုသို့ တရားမျှတ၍ သဘာဝကျသောဆန္ဒကို ဖြည့်ဆည်းပေးကြမည့်အစား ပြည်သူတွေအသက် ဖက်နှင့်ထုပ် ပြေးနေရအောင် အာဏာလုတိုက်ခိုက် သတ်ဖြတ်ပွဲ၊ အကြမ်းဖက်သောင်းကျန်းမှုကြီး ဖြစ်ပွားစေခဲ့ကြသည်။

မည်သို့ဆိုစေ နိုင်ငံတော်တွင် အရေးကြုံတိုင်းဝင်ရောက်ထိန်းသိမ်း ကာကွယ်ပေးရသော မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့နှင့် တစ်သက်မခွဲ၊ အမြဲလက်တွဲဆောင်ရွက်ခဲ့ကြပေသည်။ ပြည်ထောင်စုမှခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရန် မျိုးဖျက်၊ ပြည်ဖျက်များက အကွက်ဖန်လာတိုင်း တပ်မတော်ကအခွဲမခံ၊ အကွဲမခံ သေနတ်တပြင်ပြင်လုပ်ရုံရှိသေးသည်၊ တိုင်းရင်းသားပြည်သူများက ထိုခွဲထွက်မှုကို ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ၊ ရှုတ်ချကြဖြင့် ရှေ့တန်းက ထွက်လာကြပေသည်။

အကြမ်းဖက်နိုင်ငံသစ္စာဖောက်များ ထကြွလာ

ယနေ့ခေတ်တွင် အနောက်နယ်ချဲ့ရုပ်သေးရုပ်များက မြန်မာနိုင်ငံကို အာဏာရယူပြီး နယ်ချဲ့လက်သို့ အဖိုးအခယူရောင်းစားရန် မဲလိမ်၊ မဲခိုး၊ မသမာပစ္စည်းမျိုးစုံဖြင့်လုပ်လာကြရာမှ သိကြသည့်အတိုင်း ရဟန်းသံဃာအပါး ၇၀ ကျော်၊ သီလရှင်နှစ်ပါး၊ ကျောင်းသား၊ ဆရာ၊ ဆရာဝန်၊ ဝန်ထမ်း၊ ပြည်သူ ၆၀၀၀ ကျော်ကို အကြောင်းမဲ့သတ်ဖြတ်ကြ၊ အစိုးရငွေ၊ ဘဏ်ငွေ၊ ပုဂ္ဂလိကရွှေငွေပစ္စည်းများဓားပြတိုက် လုယက်လာကြသည့် အကြမ်းဖက်နိုင်ငံသစ္စာဖောက်များ ထကြွလာသည်။ ငွေကြေး၊ လက်နက်၊ စစ်ရေးအကူအညီ၊ ငွေလိမ်ဖြန့် ဗန်းတင်ပေးလေသဖြင့် NUG ၊ PDF များ၊ ကမ္ဘာကျော် မူးယစ်ဆေးဝါးရာဇာ၊ လောင်းကစားလူလိမ်ဂိုဏ်း၊ လူသတ်ဆက်ကြေးကောက်၊ ဓားပြတိုက်နေကြသော MNDAA ၊TNLA ၊ AA ၊ KIA စသည့် အကြမ်းဖက်အဖွဲ့များက ပြည်ထောင်စုပြိုကွဲစေရန် အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်တိုက်ခိုက်လာခဲ့သည်။ တပ်မတော်က ပြန်လည်ချေမှုန်းချိန်တန်သည်နှင့် ဆက်တိုက်ချေမှုန်းနေရပေသည်။

ပြည်သူများ၊ စာနယ်ဇင်းအချို့မှ ကလောင်သမားများက တပ်မတော်အနေဖြင့် ချေမှုန်းသင့်ပြီ၊ ပြည်သူတို့ကလည်း ပါဝင်ချေမှုန်းလိုကြပြီ၊ လက်နက်သာထုတ်ပေးပါစသည်ဖြင့် မြင်ရာ၊ တွေ့ရာ ရေးသားဖော်ပြကြသည်။ လက်တွေ့ ထိုအကြမ်းဖက်သတ်ဖြတ်၊ လုယက်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးခံနေရသော ကျေးလက်ပြည်သူများစွာကလည်း လူမဆန်သော အကြမ်းဖက်များကို သူတို့ ပါဝင်ချေမှုန်း လိုပြီဆိုသောအသံများနေရာများစွာမှ ပေါ်ထွက်လာသည်။ နိုင်ငံတစ်ခု မပြိုကွဲအောင်၊ ကျွန်ပြန်မဖြစ်အောင် ထိန်းသိမ်းကာကွယ်ရာ၌လည်းကောင်း၊ နိုင်ငံတော်ကိုငြိမ်းချမ်းစေပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူတို့ ဦးထမ်းပဲ့ထမ်းပါဝင် ဆောင်ရွက်ကြရမြဲဖြစ်သည်။ ထို့ကြောင့် ပြည်ဖျက်ရန်မှန်သမျှ ချေမှုန်းရန် တက်ကြွဖျတ်လတ်သော လူငယ်လူလတ် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်ချိန်ရောက်ပါပြီ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အခန်း (၇) တပ်မတော်ခေါင်းစဉ်အောက်မှ ပုဒ်မ ၃၉၉ တွင်-

ပုဒ်မ ၃၃၉ ။ ။ “နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” ဟူ၍လည်းကောင်း။

ပုဒ်မ ၃၄၀ တွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။

၂၀၀၈ အခြေခံဥပဒေအခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ခေါင်းစဉ်အောက်တွင်-

ပုဒ်မ ၃၈၃ ။ ။ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်း ရန် တာဝန်ရှိသည် -      

(က) ပြည်ထောင်စုမပြိုကွဲရေး

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး

(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး

ပုဒ်မ ၃၈၅။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။

ပုဒ်မ ၃၈၆။ ။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်။

နိုင်ငံတော်လုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချိန်တွင် တိုင်းရင်းသားပြည်သူများပါ (ဥပဒေဖြင့်သတ်မှတ်ထားသည့် အသက်အရွယ်၊ အနေအထားအတိုင်း) စစ်မှုထမ်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေပုဒ်မ(၁) ပုဒ်မခွဲ(ခ)အရ အဆိုပါဥပဒေ ၂၇/၂၀၁၀ အာဏာတည်ကြောင်း သတ်မှတ်ပြဋ္ဌာန်းရပေသည်။ သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၀-၂-၂၀၂၄ ရက်နေ့ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၄ ဖြင့် အောက်ပါအတိုင်း ကြေညာလိုက်သည်-

“၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်သော အမိန့်ညွှန်ကြားချက်ပါရှိကာ မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်မှတ်ရေးထိုးထုတ်ပြန်သည်။ လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ပညာ (ရန်ပုံခွင်းအခြေခံ)ရအောင် လေ့ကျင့်

၁၃-၂-၂၀၂၄ ရက်နေ့ သတင်းများအရ စစ်မှုထမ်းဥပဒေကို ဆောင်ရွက်အကောင်အထည်ဖော်ရာတွင် ကြီးကြပ်ရန်ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသား၊ လူငယ်လူရွယ်များ၊ မျိုးချစ်စိတ်ဓာတ်ကိုယ်စီဖြင့် မိမိနိုင်ငံ၊ မိမိနိုင်ငံသား၊ မိမိတို့လွတ်လပ်ရေးကို ကာကွယ်လိုစိတ်ရှိကြပြီး လိုအပ်လာလျှင် ကာကွယ်နိုင်စွမ်းရှိအောင် စစ်ပညာ(ရန်ပုံခွင်းအခြေခံ)ရအောင် လေ့ကျင့်ခြင်းကို အဓိကလုပ်ဆောင်ကြရမည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပိုင်သော အချုပ်အခြာအာဏာ၊ ပြည်သူတို့၏ ပိုင်နက်နယ်မြေ၊ ပြည်သူတို့လိုအပ်သော ပြည်တွင်းငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုး သာယာဝပြောရေးကို ဆန့်ကျင်နှောင့်ယှက်၊ ဖျက်လိုဖျက်ဆီးလုပ်နေကြသော အမျိုးသားသစ္စာဖောက်၊ အကြမ်းဖက်အဖျက်သမားများကို ပြည်သူတို့ကိုယ်တိုင် တပ်မတော်နှင့်အတူ(ရှေးအစဉ်အလာအတိုင်း) လက်တွဲသုတ်သင်ချေမှုန်းရန် လမ်းပွင့်သွားပြီဖြစ်ပေသည်။

နိုင်ငံအတွက် လိုအပ်ချိန်တွင် ပြည်သူများထဲမှ လူငယ်လူရွယ်များ ကိုယ်တိုင်ကိုယ့်နိုင်ငံကိုယ် ကာကွယ်ရန်အလို့ငှာ စစ်မှုထမ်းဥပဒေကို နိုင်ငံများတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမေရိကန်တွင် အရွယ် ရောက်သူတိုင်း သုံးနှစ်စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားပေသည်။ ဒီမိုကရက်တစ်သမ္မတ ဘေလ်ကလင်တန်၊ ရီပတ်ဘလီကင်သမ္မတ ဂျော့ဘုရှ်(ဂျူနီယာ)၊ ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံ ကဆီယက်ကလေး (မိုဟာမက်အလီ)သည် စစ်မှုမထမ်းရရန် ပတ်ပြေးရှောင်ပြေးခဲ့သူများအဖြစ် စာနယ်ဇင်းသတင်းများ၌ တွေ့ရသည်။

အမေရိကန်အပါအဝင် အနောက်အုပ်စုနယ်ချဲ့နိုင်ငံများသည် ကမ္ဘာ့နိုင်ငံများကို အသားလွတ်ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ကာ ထိုနိုင်ငံမှ ရွှေ၊ ငွေ၊ စိန် ကျောက်မျက်ရတနာများ၊ ရေနံ၊ သစ်၊ စိုက်ပျိုး ထွက်ကုန်များ၊ စက်မှုသုံး ဓာတ်သတ္တုသယံဇာတများကို ဓားပြတိုက် သလို လုယက်ယူငင်ပြီး ချမ်းသာလာသော နိုင်ငံများဖြစ်သည်။

အမေရိကန်သည် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ ဆားဘီးယားစစ်ပွဲ၊ ဆီးရီးယားစစ်ပွဲနှင့် အာဖရိကမှစစ်ပွဲများစွာကို ဖန်တီးသော နယ်ချဲ့စစ်ဝါဒီကြီးများဖြစ်ပေသည်။ အမေရိကန် တွင် အရွယ်ရောက်သူတိုင်း သုံးနှစ်စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားသစ်များခေါ်ကာ ကျူးကျော်စစ်ပွဲများနှင့် ရှေ့တန်းတင် အသေခံတိုက်ခိုက်စေခဲ့သဖြင့် နယ်ချဲ့ရန် ဆင့်ခေါ်စစ်သားများ အသုံးချသလိုဖြစ်ခဲ့သည်။ ရှေ့တန်း(ကျူးကျော်စစ်)များ၌ သေစရာရှိ ထိုသုံးနှစ်စစ်မှုထမ်းများစွာ သေရသည်။ မိသားစုက သင်္ဂြိုဟ်ရန် အလောင်း၊ အရိုးပြာ၊ အရိုးတစ်ချောင်းပင် ပြန်မရသော ဗီယက်နမ် ကျူးကျော်စစ်ကို အမေရိကန်ပြည်သူများကိုယ်တိုင် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းမှာ သူတို့လင်၊ သူတို့မောင်၊ သူတို့သား၊ သူတို့တူများကို စစ်မှုထမ်းခိုင်းပြီး ကျူးကျော်စစ်များ၌ အသေခံခိုင်းသဖြင့် ကန့်ကွက်ကြခြင်းဖြစ်သည်။

တရားသဖြင့် အသုံးပြုသော ဆိုဗီယက်နှင့် မတရားသဖြင့် အသုံးပြုသော ဗီယက်နမ်စစ်ပွဲမှ အမေရိကန်

ဒုတိယကမ္ဘာစစ်မဖြစ်မီ ဂျာမနီမှ ဟစ်တလာကဆိုဗီယက်မှ စတာလင်နှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတိုက်ခိုက်ရေး စာချုပ်ချုပ်ခဲ့ကြသည်။ ကမ္ဘာစစ်အတွင်း ဂျာမန်တပ်များအတွက် လောင်စာဆီများ လိုအပ်သောအခါ ဟစ်တလာသည် ဆိုဗီယက်ရုရှားကို ကျူးကျော်တိုက်ခိုက်၏။ အင်အားသန်းချီသော ဆိုဗီယက်တပ်များအပြင် စတာလင်က အရန်ပါတီဝင်များ၊ ပြည်သူများကို စစ်မှုထမ်းရန်ခေါ်ယူရာ ပြည်သူများသန်းချီ၍ စစ်မှုထမ်းကြကာ ဂျာမန်ရန်ကို တိုက်ထုတ်ခဲ့ရာ ဂျာမန်တို့ စစ်ရှုံးခဲ့ရသည်။ စစ်မှုထမ်းပြည်သူများကို မိမိနိုင်ငံအတွက် တရားသဖြင့်အသုံးပြုသော ဆိုဗီယက်နှင့် မတရားသဖြင့် အသုံးပြုသော ဗီယက်နမ်စစ်ပွဲမှ အမေရိကန် အရပ်သားစစ်မှုထမ်းအကြောင်း နှိုင်းယှဉ်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ဗကပသောင်းကျန်းစဉ်ကပင် အသက် ၁၀ နှစ်မှအထက် တိုင်းရင်းသားကလေးသူငယ်များကို တပ်သားအသစ်စုဆောင်းကာ ရှေ့တန်းမှတင်၍ အသေခံခိုင်းကာ တိုက်ခဲ့သည်။ ထို့ကြောင့်လည်း ဗကပလက်အောက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဗကပကို တော်လှန်ခဲ့ကြသည်။ ယနေ့ CRPH, NUG ကဲ့သို့ NLD ပြည်ပြေးများသည် အမေရိကန်တွင် မိသားစုလိုက် တိုက်ဝယ်၊ ကုန်တိုက်ဖွင့် စီးပွားရှာ ဇိမ်ကျနေကြပြီး တော်လှန်ရေးလုပ်သည်ဆိုကာ PDF အဖွဲ့ဝင် လူငယ်များကို အကြမ်းဖက်ပြည်ဖျက် လူသတ်ခိုင်းရင်းအသေခံနေကြရသည်။

မူးယစ်ရာဇာ ကိုယ်ကျိုးရှာအုပ်စုများ၏ စစ်မှုထမ်းအသေခံများဖြစ်နေကြ

NUG မှ အလှူခံရသမျှ PDF တို့ ဝေစုမရ၍ လုယက်ဓားပြတိုက်နေကြရသည်။ ကယားမှ KNPP ၊ ကရင်မှ KNU ခွဲထွက်များ၊ MNDAA၊ KIA ၊ TNLA ၊ AA တို့ကလည်း PDF များကို အသေခံတိုက်ခိုင်းနေကြသည်။ PDF တို့သည် မူးယစ်ရာဇာ ကိုယ်ကျိုးရှာအုပ်စုများ၏ စစ်မှုထမ်းအသေခံများဖြစ်နေကြရာ ယနေ့မြန်မာနိုင်ငံမှ စစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်ထည်ဖော်သောအခါ ကန့်သတ်အသက်ပြည့်မီသူ တိုင်းအား စစ်မှုထမ်းခိုင်းမည်မဟုတ်။ လူငယ်လူရွယ်များ မိမိနိုင်ငံကို ကာကွယ်လိုစိတ်နှင့် ကာကွယ်နိုင်စွမ်း စစ်ပညာလေ့ကျင့်တတ်မြောက်ထားရုံမျှသာ ရည်ရွယ်ထားသည်ဟု သိရသည်။

ယနေ့မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရလက်ရှိအခြေအနေအရ ပြည်ထောင်စုအကျိုး၊ ပြည်ထောင်စုသားတို့ အကျိုးအတွက် တိုင်းဖျက်၊ ပြည်ဖျက်အကျင့်ပျက်၊ စာရိတ္တပျက်၊ လူမှုကျင့်ဝတ်ပျက် အကြမ်းဖက်မိစ္ဆာများကို ပြည်သူနှင့်တပ်မတော် ပူးပေါင်းတိုက်ခိုက်ချေမှုန်းကာ ပြည်ထောင်စုသားများနှင့် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရမည့်အချိန်တွင် စစ်မှုထမ်းဥပဒေ အသက်ဝင်လာသည်မှာ ပြည်ထောင်စုကြီးအတွက် ကြီးမြတ်သော အခွင့်အလမ်းကြီး တစ်ရပ်ဖြစ်ကြောင်းပါခင်ဗျာ။      ။