ကိုယ့်အိမ်တွင်လောင်သည့် သူများမီး

နေပြည်တော် စက်တင်ဘာ ၂၆

Proxy War ဟူသော အင်္ဂလိပ်ဝေါဟာရကို ကိုယ်စားစစ်ပွဲ၊ ကိုယ် စားပြုစစ်ပွဲ စသည်ဖြင့် ဘာသာပြန်ဆိုကြသည်။ နောက်ကွယ်မှ အင်အားကြီးနိုင်ငံတို့၏အကူအညီအထောက်အပံ့ဖြင့်၎င်းအင်အား ကြီးနိုင်ငံတို့၏ အကျိုးစီးပွားများအတွက် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းများအကြား သို့မဟုတ် နိုင်ငံငယ်များ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကိုစစ်တလင်းပြု၍သူတစ်ပါးအကျိုးအတွက် အသက်သွေးချွေးတို့ကို ပေးဆပ်ကာ စစ်ခင်းကြခြင်းဖြစ်သည်။နောက်ကွယ်မှ လက်မည်းကြီးများ ကူညီထောက်ပံ့ကြသည့် ဘဏ္ဍာငွေကြေးများ၊ စစ်ရေးသင်တန်းများ၊ လက်နက်ခဲယမ်း နည်းပညာအကူအပံ့များက အကျိုးလိုလို့ ညောင်ရေလောင်းကြ ခြင်းသက်သက်သာ။

“မိမိတို့သည် တစ်ချိန်လုံးလိုလို ပုံမှန်မဟုတ်သော စစ်ပွဲများ ကိုသာ ဆင်နွှဲခဲ့ကြရသည်။ ယခု ခေတ်ပြောင်းသွားခဲ့ပြီ။ မဟာ အင်အားယှဉ်ပြိုင်မှုခေတ်ထဲသို့ မိမိတို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိတို့၏ မဟာဗျူဟာပြိုင်ဘက်များမှာ ရုရှားနှင့် တရုတ်တို့ ဖြစ်သည်” ဟူ၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး (ဟောင်း) မတ်အက်စ်ပါက ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု ရေတပ်ကောလိပ်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ဝေခဲ့သည့် တက္ကဆတ်အမျိုးသားလုံခြုံရေးရီဗျူးတွင်အနာဂတ်ကာလတရုတ် နှင့် အမေရိကန်ကိုယ်စားပြုစစ်ပွဲနှင့် စပ်လျဉ်း၍ စာတမ်းတစ်စောင် ပါရှိရာ၎င်းနှစ်နိုင်ငံစလုံးသည် စစ်ရေးအရမဟာအင်အားယှဉ်ပြိုင် မှုကို ၎င်းတို့၏မြေပေါ်တွင်အစား နိုင်ငံရပ်ခြားဒေသများတွင် ဆင်နွှဲကြလိမ့်မည်ဖြစ်ကြောင်း၊ နှစ်ဖက်ဆင်နွှဲမည့် စစ်မြေပြင် သည် တောင်တရုတ်ပင်လယ်ထက် ဗင်နီဇွဲလား သို့မဟုတ် မြန်မာ တို့တွင် ပို၍ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်ထုတ် တရုတ်အက်ရှင်ဇာတ်ကြမ်းကား “ဝံပုလွေ စစ်သည်တော်-၂”ကိုလည်း ဇာတ်ဝင်ခန်းများက မျက်စိနောက် စရာဖြစ်သည့်တိုင် စိတ်ကူးအားဖြင့် အနာဂတ်ကာလတွင် ပြည်ပ နိုင်ငံများ၏ ပြည်တွင်းစစ်ပွဲများက တရုတ်နှင့် အမေရိကန်တို့၏ အင်အားယှဉ်ပြိုင်ရာ နေရာများဖြစ်လာမည့် အလားအလာများ မြင့်မားလာမှုကို ပြသနေခြင်းဖြစ်သည်ဟူ၍လည်း ဆိုထားသည်။

ကိုယ်စားပြု စစ်ပွဲများသည် စည်းလုံးညီညွတ်သည့်နိုင်ငံ၊ ငြိမ်းချမ်းသာယာသည့်နိုင်ငံများတွင် ဖြစ်ပေါ်နိုင်ခြင်းမရှိ၊ သူတစ်လူ ငါတစ်မင်း ဖြစ်နေသော၊ ပဋိပက္ခများ ပြွမ်းတီးနေသော နိုင်ငံများ၊ စစ်ကိုဖိတ်ခေါ်နေသော နိုင်ငံများတွင်သာဖြစ်နိုင်သည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ဖန်တီးနေသူများက နောက်ကွယ်မှ အထောက်အပံ့များနှင့် အားပေးအားမြှောက်ပြုမှုများကို အကျိုး လို၍ ညောင်ရေလောင်းမှုများအဖြစ် မမြင်။ မိမိတို့၏ ဝါဒလမ်းစဉ် ကို အင်အားကြီးနိုင်ငံတို့က အားပေးထောက်ခံမှုအဖြစ် ခံယူကာ မီးကုန်ယမ်းကုန် အရှိန်မြှင့်ကြသည်။ စစ်ပွဲဆင်နွှဲနေကြသည့် ဘက်နှစ်ဖက်၏နောက်ကွယ်မှ မီးလောင်ရာလေပင့်သည့်နှယ် စစ်ရေးအကူအညီအထောက်အပံ့များက စစ်တလင်းဖြစ်နေသည့် နိုင်ငံကို တစ်စစီ ကြေမွပြာကျသွားစေနိုင်ကြောင်း သာဓကများ မျက်မှောက်ကမ္ဘာတွင် တွေ့မြင်နိုင်သည်။ ထိုနိုင်ငံများမှ ပြည်သူ များ၏ နေ့စဉ်ဘဝများမှ ဒုက္ခဆင်းရဲများ၊ သောကဗျာပါဒများက အင်အားကြီးတို့၏ အားပြိုင်မှုကို ကိုယ့်မြေကိုယ့်ရေပေါ်တွင် လက်ခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သူတစ်ပါးတို့၏မီးကို ကိုယ့်အိမ်တွင် လောင်ကျွမ်းစေ၍ ကိုယ့်အိမ်သားတို့ မီးဘေးဒုက္ခ သည်ဖြစ်ရခြင်း ဖြစ်သည်။

ယခုလည်း မိမိတို့နိုင်ငံကို မငြိမ်မသက်မှုများ တိုးပွားအောင်၊ ပဋိပက္ခများ ကြီးထွားလာအောင် ပြည်ပအင်အားကြီးတို့အင်တိုက် အားတိုက် ပြုလုပ်နေကြသည်။ နိုင်ငံအကျပ်အတည်းကျစေရေး ဟူသော စေတနာဆိုးဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး တစ်လုံးမျှပင် မပေးခဲ့ကြသူတို့က နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ကြီးထွားလာရေးအတွက် နယ်စပ်အထိပင် လာရောက်ကာ တို့မီး ရှို့မီးလုပ် ကူပံ့ကြသည်။ အချို့လည်း နယ်ကျော်ခိုးဝင်ကာ အကြမ်းဖက်သင်တန်းများ ပေးကြသည်။ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်လုပ်နည်းများ အွန်လိုင်းမှ တစ်ဆင့် ပို့ချကြသည်။ သူတို့လုပ်သမျှအားလုံးက မြန်မာနိုင်ငံ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ ဘဝ သာယာချမ်းမြေ့ရေးအတွက်မဟုတ်ဘဲ ပြိုကွဲပျက်စီးရေး အတွက် အဖျက်သက်သက်သာဖြစ်သည်ကို ရှင်းလင်းစွာ ရှုမြင် နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း