ကိုယ်ခံအားဖြင့် ဘေးဘယာကာကွယ်

လူတစ်ဦး ကျန်းမာစွာရပ်တည်ရှင်သန်နိုင်ရန်အတွက် လူ့ခန္ဓာကိုယ်တွင် ကောင်းမွန်သော ကိုယ်ခံအားစနစ် တည်ဆောက်ထားသည်။ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်နေမှသာ အနာရောဂါကင်းရှင်းပြီး ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ဖွယ်ရောဂါများ ဖြစ်ပွားနေသော ယနေ့ကာလတွင် ကိုယ်ခံအားစနစ် ခိုင်မာအားကောင်းစေသော စားသောက်နေထိုင်မှု ပုံစံများကို နေ့စဉ်သတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ကိုယ်ခံအားစနစ်ဆိုသည်မှာ မိမိတို့၏ ခန္ဓာကိုယ်ကို အနာရောဂါများနှင့် အခြားပြင်ပမှ ဝင်ရောက်လာတတ်သော ရောဂါဖြစ်စေသည့် ပိုးမွှားများ အန္တရာယ်မှ အကာအကွယ်ပေးနိုင်သော စနစ်ဖြစ်သည်။ ခုခံအားစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေမှ ပြင်ပမှ ဝင်ရောက်လာတတ်သော ဗက်တီး ရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ၊ ကပ်ပါးကောင်များ၏ ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများကို တိုက်ခိုက် ဖျက်ဆီးကာ ရောဂါဖြစ်နိုင်သည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

 

ကိုယ်ခံအား ကောင်းနေပါက ရောဂါပိုးများ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်ပြီး ရောဂါပိုးများ ဝင်ရောက်လာပါကလည်း တိုက်ထုတ် ဖျက်ဆီးနိုင်စွမ်းရှိသည်။ ကိုယ်ခံအား နည်းနေပြီဆိုလျှင် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်လာနိုင်သည်။ မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါ ပိုးမွှားများရှိနေတတ်ပြီး မိမိတို့ကိုယ်ခံအား ကောင်းနေသောကြောင့်သာ ရောဂါပိုးများ ဝင်ရောက် မလာခြင်းဖြစ်သည်။ ရောဂါပိုးမွှားများ ခန္ဓာကိုယ်သို့ မဝင်ရောက်အောင် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာအောင် ပြုမူနေထိုင်ရေးတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

 

ကိုယ်ခံအား ကောင်းမွန်စေရန် အဓိကပြုလုပ်ရမည်။ အိပ်ရေးပျက်လျှင် ကိုယ်ခံအား လျော့နည်းနိုင်သဖြင့် အိပ်ရေးဝအောင် အိပ်ရမည်။ စိတ်ဖိစီးမှုဖြစ်လျှင် ခန္ဓာကိုယ်မှပေါ်ထွက်လာသော ဟော်မုန်းများကြောင့် အစားအသောက်ပျက်ခြင်း၊ အအိပ်ပျက်ခြင်းတို့ဖြစ်ပေါ်ကာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါသည်။ အရက်၊ ဆေးလိပ်တို့သည် ခန္ဓာကိုယ် အတွင်းရှိ ကလီစာများကို ထိခိုက်ပျက်စီးစေသဖြင့် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံ အစေ့အဆန်များနှင့် စားသုံးသင့်သော လတ်ဆတ်ပြီး ကျက်အောင် ချက်ပြုတ်ထားသည့် သားငါးများကိုစားသုံးသင့်သည်။ တစ်စုံတစ်ရာကို ကိုင်တွယ်ပြီးလျှင် လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းအောင် ဆေးကြောရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို နေ့စဉ် ပြုလုပ်ပေးရမည်ဖြစ်သည်။ ထို့အပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရမည်ဖြစ်ပြီး စိတ်ဖိစီးမှုဖြစ်စေသော အပြုအမူများကို ရှောင်ရှား၍ သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာ သောက်သုံးပေးရမည်ဖြစ်သည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်းမှာ တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန် မြင့်မားလာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေရောက် ရှိနေ၍ ဇန်နဝါရီလ ၃၁ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုလက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခြင်း မရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်နေ၍ မြန်မာနိုင်ငံသို့ ကူးစက်လာပါက ကြိုတင် ကာကွယ် တားဆီးကုသနိုင်မည့် နည်းလမ်းများကို ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။ ။

 

ရောဂါဖြစ်ပွားနေမှုဖြစ်စဉ်ကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံတွင် အဓိကဖြစ်ပွား၍ သေဆုံးမှုများ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုမှာ များသောအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် အဘက်ဘက်က ပြည့်စုံနေသဖြင့် ၎င်းနိုင်ငံများအတွက် ပူပန်စရာမရှိသော်လည်း မဖွံ့ဖြိုးသေးသောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရောဂါကူးစက်ပျံ့နှံ့မည့်အရေးကို စိုးရိမ်ပူပန်လျက် ရှိသည်။ ။

 

မည်သို့ပင်ဖြစ်စေ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းသည် ဖြစ်ပွားမှုကို တားဆီးကာကွယ်လျှော့ချနိုင်သဖြင့် သက်ဆိုင်ရာက အသိပေးထားသည့် ဆောင်ရန်ရှောင်ရန်များနှင့် ကြိုတင်တားဆီးရမည့် လုပ်ငန်းများကို ပြည်သူတိုင်း ပြည်သူတိုင်းက လိုက်နာပြီး မိမိကိုယ်ကို ကျန်းမာသန်စွမ်းသူများဖြစ်အောင်၊ ကိုယ်ခံအားများ ကောင်းအောင် နေ့စဉ်သတိပြုလုပ်ကိုင် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ