ကိုယ်ခံစွမ်းအား အရည်အချင်းများဖြင့် ကျော်လွှား

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဘေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ကာကွယ်၊ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည်။ ယခုရက်သတ္တပတ် ဝန်းကျင်ကာလအတွင်း ရောဂါဖြစ်ပွားမှု အနေအထားကောင်းတစ်ခု ရှိနေသည်။ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ နိုးကြား ထက်သန်စွာဆောင်ရွက်ပေးမှု ပြည်သူအပေါင်းတို့ အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ရောဂါကာကွယ် ထိန်းချုပ်။ ကုသရေးတွင် အခြေအနေကောင်းများ ခိုင်မာသည်ထက်ခိုင်မာပြီး အလားအလာကောင်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားတိုးတက်လာမှသာ ပြည်သူများ၏ လိုအင်ဆန္ဒများ၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ယင်းတို့ကို နိုင်ငံတော်အစိုးရက မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုကာ အခြေအနေကောင်းလျှင် ကောင်းသလို ပြည်သူများ၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းများ ရရှိလာမှုအပေါ်မူတည်၍ ပြည်သူလူထု၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်ပင်စီမံဆောင်ရွက်လျက်ရှိသည်။ လူမှုဘဝ နေ့စဉ်လိုအင်ဆင်သည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတော်နှင့်မိဘပြည်သူများ၏ အနာဂတ်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လက်တွေ့ကျကျ ထိတွေ့လေ့လာ၍ စီစဉ် ဆောင်ရွက်နေသည်။

မည်သို့ပင်စီစဉ်ဆောင်ရွက်နေသော်လည်း အဓိကအချက်မှာ မိဘပြည်သူအားလုံး အသိတရားဖြင့် အတူပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်မှသာ ရည်မှန်းထားသည့်အတိုင်း မျှော်မှန်းချက်များကို အောင်မြင်စွာ  ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လိုအပ်ချက်မှာ လူစုလူဝေးဖြင့် ဆောင်ရွက်ရသော အရေးဖြစ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ နှာခေါင်း၊ ပါးစပ်၊ မျက်နှာ အကာအကွယ်တပ်ဆင်ရေး၊ လက်ကိုဆေးကြောရေး၊ သန့်ရှင်း စွာနေထိုင်ရေးတို့ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအား ရှာဖွေစစ်ဆေး ကာကွယ်။ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဦးစားပေးအလေးထား နိုင်နိုင်နင်းနင်း ဆောင်ရွက်ပေးနေသောကာလတွင် ရရှိလာသောအခြေအနေကောင်းများ အပေါ်မူတည်၍ ပြည်သူလူထု၏ အဓိကလိုအပ်ချက်များကို ပြန်လည်ဆောင်ရွက်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ လူစုလူဝေးကြောင့်ဖြစ်ပေါ်လာနိုင်သော ရောဂါဘေးအန္တရာယ်များ ထပ်မတိုးလာစေရေးအတွက် သက်ဆိုင်ရာတို့၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်မှသာ အစီအမံများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ။

ရောဂါကင်းဝေးရေးအတွက် လမ်းညွှန်ထားသော ထုတ်ပြန်ချက် များမှာ အပန်းမကြီး မများလှသော်လည်း အများနှင့်ဆောင်ရွက်ရာ၌ တာဝန်ယူဆောင်ရွက်ရမည့်သူများအပိုင်းတွင်ရော လိုက်နာဆောင်ရွက်ရ မည့်သူများဘက်တွင်ပါ စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိကြမည်ဖြစ်ရာ မိမိတို့၏ရည်မှန်းချက်သို့ရောက်လိုပါက လမ်းညွှန်ထားသည့်အချက်များအား မဖြစ်မနေလိုက်နာရန်အတွက် ယခုကတည်းက သက်ဆိုင်သူများအားလုံး အလေ့အကျင့်ကောင်းများ ဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရ မည်ဖြစ်သည်။

အလားအလာကောင်းတစ်ခု၊ စိန်ခေါ်မှုကြီးကြီးမားမားတစ်ခုကို ဖြတ်သန်းကြသည်ဆိုသော်လည်း အများပြည်သူတို့ စည်းကမ်းအသစ်တစ်ခုကို လိုက်နာကြရသည်ဟုခံယူကာ အသိစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်သို့ရောက်အောင် မဖြစ်မနေဆောင်ရွက်တတ်သည့် အလေ့အထကို မွေးမြူကြရမည်ဖြစ်သည်။ ကိုဗစ်- ၁၉ ရောဂါကို ကြောက်မက်ဖွယ်ကောင်းသောရောဂါဘေးဟု စိုးရိမ်ထိတ်လန့်မှု အလွန်အကျွံမဖြစ်ဘဲ ကိုဗစ်-၁၉ ရောဂါသည် မိမိတို့အားလုံး စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်တတ်မှုတို့ကို စစ်ဆေးနေသည်ဟု ခံယူထားလျှင် ရောဂါကင်းဝေးပြီး ရည်မှန်းခရီးလမ်းသို့ ဖြောင့်တန်းစွာ လျှောက်လှမ်းသွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများအားလုံး ဇွဲ၊ လုံ့လ သတ္တိ၊ စေတနာ၊ မေတ္တာ၊ စည်းကမ်း၊ ညီညွတ်မှု စသည့် ကိုယ်ခံအရည် အချင်းကောင်းများရှိ၊ မရှိကို စမ်းသပ်စစ်ဆေး ပညာပေးနေသည်နှင့်အလား တူသဖြင့် မိမိတို့ရည်မှန်းရာပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရေးအတွက် ကိုဗစ်-၁၉ စိန်ခေါ်မှုကို ကျော်လွှားနိုင်မည့် ကိုယ်ခံစွမ်းအားအရည်အချင်းများ ဖြစ်ပေါ်လာအောင် မွေးမြူကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ