ကိုယ်ကျိုးရှာမှုများလျော့နည်းပပျောက်ရေး

နေပြည်တော် ၇ ဧပြီ

 

စီမံကိန်းများကို မည်သို့မည်ပုံ အကောင်အထည်ဖော်ကြမည်လဲဟူသည်မှာ ပြည်သူတို့၏ ခေတ်အဆက်ဆက် က ရှိနေခဲ့သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ 

 

စီမံကိန်းများကို အကောင်အထည်ဖော်ကြရာတွင် အသုံးပြု ရသည့်ငွေမှာ ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်နေသည့်အတွက် ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာငွေကို သုံးရသည့် မည်သည့်စီမံကိန်းများမဆို ထိုက်တန် အကျိုးရှိသည့် ငွေအသုံးချမှုဖြစ်ရန် လိုအပ်ပါသည်။ 

 

စီမံကိန်းအကောင်အထည်ဖော်သူတို့၏ အလွဲသုံးစားမှုများ၊ အလွဲ စီမံမှုများ၊ အလွဲအသုံးချမှု များမှ နှစ်ပေါင်းများစွာရရှိခဲ့သော အတွေ့အကြုံ တို့က ပြည်သူလူထုမှာ တောင်လိုပုံနေခဲ့ပြီ။ စီမံကိန်းများအတွင်းမှ ထွက်ပေါ်လာခဲ့သော ခြစားခြင်း၊ ဆီးသီးဗန်းမှောက်ခြင်း၊ ခွင်ဖန်တီးခြင်း၊ အဂတိ စသည် စသည်တို့မှာ ပြည်သူတို့အတွက် အလွန့်အလွန် ယဉ်ပါး နေသည့် အသုံးအနှုန်းများ ဖြစ်နေပြီ။ 

 

ကိုယ်ကျိုးရှာ အကျင့်ပျက်သည့် ခေတ်ကာလများတွင် ပုဂ္ဂလိကကဏ္ဍ နှင့် ပူးပေါင်းလုပ်ဆောင် ရသည့်အခါများတွင် သည်ကိစ္စလုပ်ပေးမည်၊ ဟိုကိစ္စ သူ့ကို ဦးစားပေးပါ ဟူသည့် အပေးအယူမျိုး၊ သည်လုပ်ငန်းအတွက် ရှယ်ယာမည်သို့ ခွဲဝေ ပေးမည်ဟူသော အပေးအယူမျိုး၊ တည့်တည့်ပင် ငွေကြေးတံစိုး လက်ဆောင်တို့ဖြင့် လုပ်ငန်းရယူသည့် အပေးအယူမျိုး စသည်တို့ဖြင့် ချမ်းသာကြွယ်ဝကြသူများလည်း ပေါ်ပေါက်ခဲ့ပါ၏။

 

ဒီမိုကရေစီ ဆိတ်သုဉ်းသည့် ကာလအတွင်းမှာ အစိုးရစီမံကိန်းဟု ဆိုလျှင် ချမ်းသာသည်ထက် ချမ်းသာစေမည့် အကွက်အကွင်းဟု ထင်မြင် ခဲ့ကြ၊ ဖန်တီးခဲ့ကြသော ဝိသမစီးပွားရေးသမားများနှင့် ကိုယ်ကျိုးရှာ အကျင့်ပျက် လုပ်ပိုင်ခွင့်ရှိသူတို့ ပူးပေါင်းအုတ်မြစ်ချခဲ့သည့် အကြံအဖန် မှတ်တိုင်များဟု ဆိုရပါမည်။ 

 

ယနေ့ ပြည်သူတို့ မျှော်လင့်တကြီး တောင့်တခဲ့ကြသော ပြည်သူ့ အစိုးရခေတ်ဟူ၍ ပေါ်ပေါက်လာသည်အထိ နေရာဌာနအချို့တွင် ထိုအစဉ်အလာများ၊ ထိုလုပ်ထုံးလုပ်နည်းများက  ကြွင်းကျန်နေသေးသည်လားဟု ထင်မြင်ရ သည့် လက်စလက်နများကို တွေ့နေရဆဲဖြစ်ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထိရောက်သော ဆောင်ရွက်မှုများက ထိုသို့သော အကြွင်းအကျန် လက်စလက်နများကို ပိုမိုမြင်သာလာစေခဲ့သည်ဟု ယူဆပါသည်။ မြန်မာပြည်သူလူထုမှာလည်း ထိုထိုသော ခါးသီးဖွယ် အတွေ့အကြုံများ၏ သင်ကြားခဲ့မှုများကြောင့် စီမံကိန်းဟုဆိုလျှင် လာရောက်အမြတ်ထုတ်မည့် သူများက ရှေ့ဆုံးတန်းသို့ရောက်လာလေပြီလားဟူသော အယူအစွဲတို့ပင် ဖြစ်ခဲ့ကြရပါသည်။

 

သမိုင်းကြောင်းတစ်ခုလို ရှည်လျားလာနေပြီဖြစ်သည့် စီမံကိန်းများပေါ်မှ ကိုယ်ကျိုးရှာအမြတ်ထုတ်နေမှုများကို ထိန်းချုပ်နိုင်ရန်လည်း ပြည်သူ့အစိုးရက တစ်ဆင့်ချင်း အကောင်အထည်ဖော်လာနေသည်ကို သတိပြုမိပါ သည်။ ဤသို့သော စီမံကိန်းပေါ်မှ မသမာအမြတ်ထုတ်မှုများမှာ တိကျမှန်ကန်သော လုပ်ထုံးလုပ်နည်းနှင့် စနစ်များကို မချမှတ်နိုင်ခဲ့ခြင်း သို့မဟုတ် ချမှတ်ရန် မကြိုးစားခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု ယူဆပါသည်။

 

စီမံကိန်းကို မည်သို့အကောင်အထည်ဖော်ရမည်၊ စီမံကိန်း၏ လုပ်ငန်း စဉ်များမှာ မည်သို့ဖြစ်ရမည်၊ စီမံကိန်းကို မည်သို့သော အရည်အချင်း ရှိသူများကသာ ဆောင်ရွက်ရမည်၊ စီမံကိန်း၏ အရည်အသွေးကို တိကျသောစံနှုန်း ကြိုတင်သတ်မှတ်ပြီး ထိုသတ်မှတ်စံနှုန်းအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသူများကိုသာရွေးချယ်မည်၊ စီမံကိန်းပေါ် ပေါက်လာသည့်အခါ ရရှိမည့်အကျိုးအမြတ်မှာ ပြည်သူလူထုက အဓိကဖြစ်ရမည် အစရှိသည့် ရှင်းလင်းသော မူဝါဒ လုပ်ထုံးလုပ်နည်းနှင့် စနစ်များရှိမှသာ စီမံကိန်းများပေါ်မှ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများကို အတော်အတန် ရှောင်လွှဲနိုင်ကြမည်ဟု ယုံကြည် ပါကြောင်း။ ။

 

မြန်မာ့အလင်း