ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး

ပေါက်ပေါက်

မြန်မာနိုင်ငံ၏ လူ့သက်တမ်းသည် တိုတောင်းလှပါသည်။ အမျိုးသားက ပျမ်းမျှ ၆၄ ဒသမ ၅ နှစ်၊ အမျိုးသမီးက ၆၉ နှစ်ဖြစ်၍ တစ်ပြည်လုံးအတိုင်းအတာအရ လူ့သက်တမ်းသည် ပျမ်းမျှ ၆၆ ဒသမ ၈ နှစ်သာရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ အကြောင်းမှာ မြန်မာလူမျိုးတို့၏မိရိုးဖလာအရ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ကြံ့ခိုင်မှု လွန်စွာနည်းသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ ကလေးအရွယ်ကစ၍ လှုပ်လှုပ်ရှားရှားနေသင့်ပါသည်။ အသက် ငါးနှစ်အောက်ကလေးသည် ပျမ်းမျှတစ်ရက်လျှင် နှစ်နာရီခန့်၊ အသက် ငါးနှစ်မှ (၁၇) နှစ်အရွယ်သည် တစ်ရက်လျှင် တစ်နာရီခန့်၊ အသက် (၁၈) နှစ်အထက်သည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ကြာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်သင့်ပါသည်။ 

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် ကုန်ကျစရိတ်ပိုများလာနိုင်
ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် ဖြစ်တတ်သော နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ သို့မဟုတ် အခြားမကူးစက်နိုင်သော ရောဂါများ (NCDs) သည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၃၀ ပြည့်နှစ်အကြားတွင် ဖြစ်ပွားမှု ပိုများလာနိုင်ပြီး ကုန်ကျစရိတ်များလည်း ပိုတိုးလာနိုင်၍ နိုင်ငံတကာက အစိုးရများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု ပိုမိုအားပေးရန်နှင့် အရေးတကြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၏ စီးပွားရေး ဝန်ထုပ်ဝန်ပိုးသည် ယခုအခါသိသိသာသာထင်ရှားနေပြီး ကြိုတင် ကာကွယ်နိုင်သောရောဂါနှင့် မကူးစက်နိုင်သောရောဂါ (NCDs) အသစ် များကိုကုသရန် ကုန်ကျစရိတ်သည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံနီးပါး ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ကိုယ်လက်လက်ရှားမှု တိုးတက်လာစေရန် ပန်းခြံများ၊ စက်ဘီးလမ်းကြောင်း၊ ခြေကျင်လမ်းကြောင်း အစရှိသည့်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ အားကစားနှင့် ကာယပညာမှ ပညာပေးခြင်း အစရှိသည့် အမျိုးသားအဆင့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။ လူတိုင်းအတွက် ကိုယ်လက်လှုပ်ရှားမှုသည် ပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးကို ပို၍ကောင်းမွန်မည်ဖြစ်ပြီး လူတစ်ဦးချင်းစီအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက လူ့အဖွဲ့အစည်းများအတွက်လည်း ကြီးမားကြောင်း ဖော်ပြထားပါသည်။

နေ့စဉ်ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်ပါက ကျန်းမာရေးအတွက် လုံလောက်မှုရှိ

တစ်ရက်လျှင် ခြေလှမ်း ၁၀၀၀၀ သို့မဟုတ် ထို့ထက်လျှော့၍ လမ်းလျှောက်ခဲ့လျှင်ပင် ကျန်းမာရေးကို မြှင့်တင်ရေးအတွက် လုံလောက်မှုရှိနိုင်ကြောင်း အမေရိကန်သုတေသီများက အကြံပြုထားသည်။ အဆိုပါ သုတေသီများသည် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အရွယ်ရောက်သူ ၆၀၀၀ တို့ကို လေ့လာခဲ့ကြရာ ရလဒ်များအရ နေ့စဉ်ခြေလှမ်း အနည်းဆုံး ၈၀၀၀ မှ ၉၀၀၀ အထိ လမ်းလျှောက်သူများ၌ လာမည့်ခုနစ်နှစ်အတွင်း ကျန်းမာရေးပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင် ရနိုင်ခြေများ ပုံမှန်ထက်ကျဆင်းသွားတတ်ကြောင်း လေ့လာသိရပါသည်။ 

ခြေလှမ်း ၈၀၀၀ သို့မဟုတ် ၉၀၀၀ သည် လမ်းလျှောက်နှုန်းအပေါ်မူတည်၍ ပျမ်းမျှလေးမိုင် အကွာအဝေးလမ်းလျှောက်မှုနှင့် ညီမျှကြောင်း၊ တစ်ရက်လျှင် ခြေလှမ်း ၈၀၀၀ နှင့် ၉၀၀၀ ကြားလမ်းလျှောက်မှုကြောင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများတွင် သွေးဖိအား ပုံမှန် ထက်မြင့်မားမှု၊ ဆီးချို၊ အိပ်စက်မှုပုံစံဖောက်ပြန်မှု စသည့်ကျန်းမာရေးပြဿနာပေါ်လာနိုင်ခြေများ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

သက်လတ်ပိုင်းအရွယ်များ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါက အသက်ပိုရှည်နိုင်

သက်လတ်ပိုင်းအရွယ် အမျိုးသား အမျိုးသမီးများအနေဖြင့် အိမ်ထဲ၌ငြိမ်မနေဘဲ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါက အသက်ပိုရှည်လာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဟားဗက်ပြည်သူ့ကျန်းမာရေးသိပ္ပံမှ သုတေသနပညာရှင်များက အကြံပြုထားသည်။ သုတေသီများသည် လူဦးရေ ၁၀၀၀၀၀ ကျော်ကို နှစ်ပေါင်းအတန်ကြာ လေ့လာစောင့်ကြည့်ခဲ့ကြသည်။ လေ့လာချက် ရလဒ်များအရ ကျန်းမာရေးပညာရှင်များ အကြံပြုထားသကဲ့သို့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သော သက်လတ်ပိုင်းများမှာ အသက်ပိုရှည် နိုင်ခြေမြင့်မားလာကြောင်း အမေရိကန်သုတေသီများက ဆိုပါသည်။ 

ကျွမ်းကျင်သူများ၏ အကြုံပြုချက်အရ သက်လတ်ပိုင်းအရွယ်များအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် မိနစ် ၁၅၀ မှ ၃၀၀ အထိ လမ်းသွက်သွက်လျှောက်ခြင်းကဲ့သို့ အထိုက်အလျောက်အားထုတ်ရ သည့် လေ့ကျင့်ခန်းမျိုး ပြုလုပ်သင့်ကြောင်း၊ ထို့ပြင် ကုန်းတက်စက်ဘီးစီးခြင်း၊ ပုံမှန်အရှိန်နှုန်းဖြင့် ပြေးခြင်းကဲ့သို့ ချွေးထွက်ပိုများသည့် လေ့ကျင့်ခန်းများကိုလည်း ရက်သတ္တတစ်ပတ်လျှင် ၇၅ မိနစ်နှင့် မိနစ် ၁၀၀ ပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားပါသည်။

ညနေပိုင်း လေ့ကျင့်ခန်းပြုလုပ်မှုက ကိုယ်အလေးချိန် ထိရောက်စွာလျှော့ချနိုင်

ကိုယ်အလေးချိန် လျှော့ချရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်မည်ဆိုပါက ညနေပိုင်းပြုလုပ်မှုသည် နံနက်ပိုင်း ပြုလုပ်ခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း နယ်သာလန်နိုင်ငံ လိုင်ဒန်း တက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြသည်။ လေ့လာတွေ့ရှိ ချက်အရ နေ့လယ်ပိုင်းနှင့် ညနေပိုင်းကာလ နှစ်ရပ်ကြား ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်မှုသည် လူ့ခန္ဓာကိုယ်၏ အင်ဆူလင်ဟော်မုန်း တုံ့ပြန်နိုင်စွမ်းအားနည်းပါးလာမှုကို လျှော့ချပေးနိုင်ကြောင်း သိရ သည်။ အင်ဆူလင်ဟော်မုန်း တုံ့ပြန်အားကျဆင်းမှုသည် ကိုယ်အလေး ချိန်မြင့်တက်လာရမှု၏ အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။

အဆိုပါ သုတေသီများသည် အသက် (၄၅) နှစ်နှင့် (၆၅) နှစ်ကြား လူပေါင်း ၇၀၀၀ ကျော်တို့၏ ဘဝနေထိုင်မှုပုံစံနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်မှုပုံစံတို့ကို လေ့လာခဲ့ကြရာ ရလဒ်များအရ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့၌ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများ၏ အင်ဆူလင်ဟော်မုန်း တုံ့ပြန်နိုင်စွမ်း ကျဆင်းမှုနှုန်းမှာ နံနက်ပိုင်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများထက် ၁၈ ရာခိုင် နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီးသီးပိုမိုနည်းပါးကြောင်း တွေ့ရသည်။ ကိုယ်ကာယလေ့ကျင့်ခန်းများကို အသင့်လျော်ဆုံး အချိန်များတွင် ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိရောက်စွာ လျှော့ချနိုင်သကဲ့သို့ အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း သုတေသီများက အတည်ပြုထားပါသည်။

ကိုယ်လက်လှုပ်ရှားမှုက စိတ်ကျဝေဒနာဖြစ်နိုင်ခြေကို ကာကွယ်နိုင်

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မှုကို စိတ်ကျဝေဒနာအတွက် ကုထုံးတစ်ရပ်အဖြစ် ဆေးပညာရှင်များက လက်ခံထားကြပြီးဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း အလုံအလောက်ပြုလုပ်ပေးပါက စိတ်ကျဝေဒနာဝင်နိုင်ခြေနှင့် စိုးရိမ်သောကဝင်နိုင်ခြေတို့ကို ကာကွယ်နိုင်ပါသည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို လုံလုံလောက်လောက်ပြုလုပ်မှုသည် စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ခြေ မြင့်မားသူများတွင်လည်း ဝေဒနာလျော့ပါးသက်သာစေနိုင်ကြောင်း စကော့ တလန်နိုင်ငံ ဂလပ်စဂိုတက္ကသိုလ်မှ သုတေသီများကဆိုပါသည်။ 

လူတိုင်းအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ၇၅ မိနစ် အချိန်ပေး၍ အားစိုက်ရသည့် လေ့ကျင့်ခန်းများပြုလုပ်ပါက စိုးရိမ်သောကဝင်ရောက်မှုဖြစ်စဉ် ၁၉ ရာခိုင်နှုန်းခန့်ကို ကာကွယ်နိုင်ကြောင်း၊ အလားတူ ခွန်အားစိုက်ရသည့် လေ့ကျင့်ခန်းများကို ရက်သတ္တတစ်ပတ်လျှင် နှစ်နာရီခွဲခန့်နှင့် ငါးနာရီကြားအအထိ အချိန်ပေးလုပ်ဆောင်ခဲ့ပါက စိတ်ကျဝေဒနာနှင့် စိုးရိမ်သောကဝင်ရောက်နိုင်ခြေ ၁၃ ရာခိုင်နှုန်းကို ထပ်မံကာကွယ်ပေးနိုင်ကြောင်း တွေ့ရသည်။ စကော့တလန်သုတေသန ပညာရှင်များသည် လူပေါင်း ၃၇၀၀၀ ကျော်တို့၏ စိတ်ကျန်းမာရေး အခြေအနေများနှင့် လေ့ကျင့်ခန်းပြုလုပ်မှုပုံစံတို့ကို လေ့လာပြီးနောက် ၎င်းတို့တွေ့ရှိချက်ကို ယခုလိုတင်ပြခဲ့ခြင်းဖြစ်ပါသည်။

လှည့်လည်ပြေးလွှားရသော အားကစားနည်းများက ကလေးများ၏အရိုးကျန်းမာရေး ပိုမြှင့်တင်နိုင် 

ဘောလုံးနှင့် ဘတ်စကက်ဘောကဲ့သို့ အရပ်မျက်နှာပေါင်းစုံ လှည့်ပတ်ပြေးလွှားရသည့် အားကစားနည်းများသည် ဦးတည်ရာ တစ်ခုတည်းရှိသော အပြေးလေ့ကျင့်မှုကဲ့သို့ အားကစားနည်းများထက် ပို၍ ကလေးများ၏ အရိုးကျန်းမာရေးကို အကျိုးပြုနိုင်ကြောင်း Health Daily News ဆေးပညာ သတင်းဝက်ဘ်ဆိုက်က မကြာသေးခင်က ရေးသားတင်ပြထားပါသည်။ အရပ်မျက်နှာပေါင်းစုံ လှည့်လည် ပြေးလွှားရသည့် အားကစားနည်းများကို လိုက်စားခြင်းဖြင့် ကလေး များ၏အရိုးကျန်းမာရေးကို ပို၍မြှင့်တင်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ အင်ဒီယာနာတက္ကသိုလ်မှ သုတေသီများကဆိုသည်။

အဆိုပါသုတေသီများသည် ကျောင်းအားကစားပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြဖူးသူ အမျိုးသမီးများ၏ အရိုးကျန်းမာရေးအဆင့်ကို လေ့လာတိုင်းတာခဲ့ကြသည်။ ရလဒ်များအရ ဘောလုံးနှင့်ဘတ်စကက် ဘောကဲ့သို့ အရပ်မျက်နှာပေါင်းစုံ လှုပ်ရှားပြေးလွှားရသည့် အားကစား နည်းများကို လိုက်စားခဲ့သူများ၏ အရိုးခိုင်မာမှုအဆင့်သည် ပြေးခြင်း၊ ရေကူးခြင်းကဲ့သို့ အရပ်မျက်နှာတစ်ခုတည်းရှိသော အားကစားနည်းများကို လိုက်စားခဲ့သူများထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပို၍မြင့်မားကြောင်း သိရသည်။

သက်ကြီးပိုင်း အမျိုးသမီးကျန်းမာစေရန် အိမ်အလုပ်လုပ်စေလို
အိမ်မှုကိစ္စလုပ်ငန်းများကို ပုံမှန်လုပ်လေ့ရှိသည့် သက်ကြီးပိုင်း အမျိုးသမီးများသည် နားနားနေနေ နေတတ်ကြသော သက်တူရွယ်တူ အမျိုးသမီးများထက် နှလုံးကျန်းမာရေး ပိုကောင်းနေတတ်ကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက ဆိုပါသည်။ သုတေသီများသည် သက်ကြီးပိုင်း အမျိုးသမီးဦးရေ ၅၅၀၀ ၏ ဘဝနေထိုင်မှုပုံစံများကို လေ့လာခဲ့ကြရာ ရလဒ်များအရ ပေါ့ပေါ့ပါးပါးအိမ်အလုပ်များကို တစ်ရက်လျှင် အနည်းဆုံး လေးနာရီ အချိန်ပေးကာပြုလုပ်သည့် သက်ကြီးအမျိုးသမီးများသည် နားနားနေနေ နေသူများထက် နှလုံးရုတ်တရက်ဖောက်မှုကြောင့် သေဆုံးနိုင်ခြေ သို့မဟုတ် လေဖြတ်မှုကြောင့် သေဆုံးနိုင်ခြေ ၇၅ ရာခိုင်နှုန်းခန့် နည်းပါးကြောင်း သိရသည်။

နှလုံးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးအများအပြား သေဆုံးရမှု၏ အဓိကနောက်ခံအကြောင်းတရားများထဲ၌ တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ သက်ကြီးအမျိုးသမီးများ၏ နှလုံးကျန်းမာရေးကို လမ်းသွက်သွက်လျှောက်ခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှု များ ပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း ထိန်းထားနိုင်ကြောင်း၊ ထို့ပြင် ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်သည့် အိမ်မှုကိစ္စများကို ပုံမှန်ပြုလုပ်ရုံမျှဖြင့် အမျိုး သမီးများ၏နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသီ များက ပြောကြားထားပါသည်။

ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုဗစ်ကာကွယ်ဆေး၏ ထိရောက်မှုကို မြှင့်တင်နိုင်

ကိုယ်ကာယလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများ၏ထိရောက်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း တောင်အာဖရိကသုတေသီများက တွေ့ရှိထားပါသည်။ အဆိုပါ သုတေသီများ၏ တွေ့ရှိချက်အရ ကိုဗစ်ရောဂါ ကာကွယ်ဆေးများသည် ကိုယ်ကာယလေ့ကျင့်ခန်းများကို အနိမ့်ဆုံးအဆင့်ပြုလုပ်နေပြီး ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသူများတွင် ဆေးရုံတက်ရောက်ရ နိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း သိရသည်။ ထို့နည်း တူ ကိုယ်ကာယလေ့ကျင့်ခန်းများကို အထိုက်အလျောက် ပုံမှန်ပြုလုပ် သူ၊ အမြင့်ဆုံးအဆင့်ပြုလုပ်သူများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးများသည် ၎င်းရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေ ၇၂ ရာခိုင်နှုန်းနှင့် ၈၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်းတွေ့ရသည်။ အဆိုပါ သုတေသီများသည် အသက် (၁၈) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ ခန့်တို့၏ အချက်အလက်များကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို ယခုလိုတင်ပြခဲ့ကြခြင်းဖြစ်သည်။

တောင်အာဖရိက သုတေသီများသည် ရက်သတ္တတစ်ပတ်လျှင် မိနစ် ၆၀ ခန့် လေ့ကျင့်ခန်းလုပ်သူများကို ကိုယ်လက်လှုပ်ရှားမှု အနိမ့်ဆုံးလုပ်သူများအဖြစ်လည်းကောင်း၊ မိနစ် ၆၀ နှင့် ၁၄၉ မိနစ် ကြား လေ့ကျင့်ခန်းပြုလုပ်သူများကို အထိုက်အလျောက်လေ့ကျင့်ခန်း ပြုလုပ်သူများအဖြစ်လည်းကောင်း၊ မိနစ် ၁၅၀ အထိ လေ့ကျင့်ခန်း ပြုလုပ်သူများကို ကိုယ်လက်လှုပ်ရှားမှု အမြင့်ဆုံးပြုလုပ်သူများအဖြစ် လည်းကောင်း သတ်မှတ်ထားသည်။

အချုပ်အားဖြင့်ဆိုသော် အထိုင်လျှော့၍ မတ်တတ်ပိုရပ်ခြင်း၊ အိမ်မှုကိစ္စမှစ၍ လူမှုဘဝနိစ္စဓူဝလုပ်ဆောင်ချက်များကို လေ့ကျင့်ခန်း ဆန်ဆန် ခပ်သွက်သွက်လှုပ်ရှားပေးခြင်း၊ နွေ မိုး ဆောင်းရာသီပတ်လုံး အလေ့အကျင့်ကောင်းတစ်ခုကို မွေးမြူ၍ လမ်းပိုမိုလျှောက်ပေးခြင်း၊ ကိုယ်အလေးချိန် မြန်မြန်ကျစေရန်နှင့် ဆီးချိုကျစေရန်တို့အတွက် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းပြုလုပ်သည့်အခါ နံနက် ပိုင်းထက် ညနေပိုင်းအချိန်ကို ဦးစားပေးရွေးချယ်ခြင်း စသည်တို့ဖြင့် မြန်မာနိုင်ငံ လူ့သက်တမ်းကို ယခုထက်ပို၍ ဆွဲဆန့်ထားနိုင်ပါမည်။

သို့ပါ၍ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းသည် ငွေကုန်ကြေးကျမှုမရှိသော သဘာဝဆေးတစ်ပါး ဖြစ်ပါကြောင်းနှင့် ၎င်းဆေးကို မိမိတို့ကိုယ်တိုင်ဖော်စပ်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြု တိုက်တွန်းရေးသားလိုက်ရပါသည်။     ။