ကိုယ်နှင့်ကိုက်သည့် အင်္ကျီ

ဧပြီ ၆၊ ၂၀၂၂

ယဉ်ကျေးမှုဟူသော ဝေါဟာရမှာ အနက်အဓိပ္ပာယ်များပြား ကျယ်ဝန်းလှသည်။ မြန်မာအဘိဓာန် ဖွင့်ဆိုချက်တွင် သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းဟူ၍ ပြထားသည်။ အဘိဓာန်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ ယဉ်ကျေးမှုဟူသည် လူအချို့ ယူဆလေ့ရှိကြသလို ခေတ်နောက်ကျန် အဟောင်းအမြင်းများ၊ အတိတ်မှာ ကျန်နေခဲ့သော အရာများမဟုတ်ဘဲ ခေတ်နှင့်အညီ လိုက်ပါတိုးတက်ပြောင်းလဲနေသည့် တန်ဖိုးထားအပ်သော အရာဟူ၍ ဆိုရမည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာတွင် Civilization ဟူသော ဝေါဟာရနှင့် Culture ဟူသော ဝေါဟာရတို့ကို မြန်မာဘာသာပြန်ဆိုရာတွင် ယဉ်ကျေးမှုဟူ၍သာ နှစ်ခုစလုံးကို ဘာသာပြန်ဆိုနေကြ သော်လည်း Civilization သည် သမိုင်းနှင့်ချီ၍ ထွန်းကားခဲ့သော လူ့အဖွဲ့အစည်းကြီးများနှင့်ဆိုင်သည့် ယဉ်ကျေးမှုကြီးဖြစ်ပြီး Culture ကမူ ဒေသတစ်ခု၊ လူမျိုးတစ်မျိုး၊ ရပ်ရွာတစ်ရွာ၏ လူနေမှုဘဝပုံစံများ၊ ဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများ ပါဝင်သည်။ သို့ဖြစ်ရာ Civilization သည် ယဉ်ကျေးမှုအကြီးဖြစ်ပြီး Culture ကမူ ယဉ်ကျေးမှုအကြီးထဲတွင် ပူးပေါင်းပါဝင်နေသည့် ယဉ်ကျေးမှုအငယ်ဟု ဆိုသင့်သည်။ မြန်မာနိုင်ငံသည် အဆိုပါ ယဉ်ကျေးမှုအကြီးအငယ်တို့ အခိုင်အမာတည်ရှိသော၊ ကြွယ်ပိုး ကြွယ်ဝလည်းရှိသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံပင်ဖြစ်သည်။ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာပင်ဖြစ်ရာ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ခေတ်ကာလအလိုက် တိုးတက်ပြောင်းလဲစေရာတွင် မိမိတို့၏ ဝိသေသလက္ခဏာကို မပျောက်ပျက်စေဘဲ တိုးတက်မြင့်မားစေရမည်သာဖြစ်သည်။

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နည်းပညာများ တရစပ် တိုးတက်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံတကာမှ ယဉ်ကျေးမှုမှာ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် အပြန်အလှန် ကူးလူးယှက်သန်းလျက်ရှိကြသည်။ ယင်း၏အကျိုးဆက်များမှာ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အခွင့်အလမ်းနှင့် အန္တရာယ်တို့ပါ ရောနှောပါဝင်နေကြပြီး နည်းပညာသစ်များနှင့် အကျွမ်းတဝင်ရှိသူ၊ အသစ်အဆန်းတို့ကို စိတ်ဝင်တစား ရှာဖွေလက်ခံတတ်သူများ ဖြစ်ကြသည့် လူငယ်များအပေါ်တွင် အများဆုံးသက်ရောက်လျက်ရှိသည်။ ပုံမှန်အားဖြင့် အရှက်ကြီးတတ်သည့် အရှေ့တိုင်းရင်းသားတို့မှာ ဆိုက်ဘာနယ်ပယ်တွင် လွတ်လပ်ပွင့်လင်းလာသည်။ လူမှုနယ်ပယ်အစစ်အမှန်တွင် ထုတ်ဖော်ပြောဆိုရန်ခက်သည့် လိင်မှုကိစ္စတို့ကို ဆိုက်ဘာနယ်ပယ်တွင် မိန်းကလေးရော ယောက်ျားလေးပါ ထမင်းစားရေသောက် ပြောဆိုနိုင်လာကြရာမှတစ်ဆင့် ယဉ်ပါးလာကြသည်။ ရန်ကုန်တွင် ပုံမှန်မဟုတ်သော လိင်အသားပေးဝတ္ထုစာအုပ်ကို တန်းစီဝယ်ယူခဲ့ကြခြင်းက ယင်း၏သာဓကတစ်ခုဟုပင် ဆိုနိုင်သည်။ စင်စစ်ယင်းကဲ့သို့သောစာအုပ်များ ရှေ့တွင်လူအများစု မသိဘဲထုတ်ဝေခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း လူမှုကွန်ရက်တွင် ဖော်ပြမှုများရှိနေရာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို မထိခိုက်စေသော နည်းလမ်းများဖြင့် ထိန်းချုပ်မှုများ ပြုလုပ်သွားရမည်ဖြစ်သည်။

သမိုင်းတစ်လျှောက် မြန်မာ့ယဉ်ကျေးမှု မြင့်မားတိုးတက်ခဲ့ရာတွင် ကိုယ့်ရေကိုယ့်မြေပေါ်တွင် ဖြစ်တည်လာခဲ့သော ကိုယ်ပိုင်ယဉ်ကျေးမှုများအပြင် ရေခြားမြေခြားမှ ယဉ်ကျေးမှုများကိုလည်း ကောင်းနိုးရာရာရယူ၍ မိမိယဉ်ကျေးမှုနှင့် ကိုက်ညီအောင် မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ အသစ်အဆန်းကို လက်ခံကြရာတွင် ကောင်းရာမွန်ရာကိုသာ လက်ခံကြရမည်ဖြစ်ပြီး အကျိုးယုတ်စေမည့်၊ အန္တရာယ်ဖြစ်စေမည့် အသစ်အဆန်းမျိုးကိုမူ ဝေးစွာရှောင်ကြဉ် စွန့်ပယ်ကြရန်သာ။ အင်္ကျီတစ်ထည် ဝယ်ဝတ်သကဲ့သို့ပင် မည်သည့်နိုင်ငံမှ ချုပ်သည်ဖြစ်စေ ကိုယ်နှင့်ကိုက်မှ ဝတ်ထိုက်သည်ဟူ၍ အမျိုးကောင်း သမီး သား လူငယ်အပေါင်းတို့အား ညွှန်းဆိုအပ်ပါကြောင်း။    ။

မြန်မာ့အလင်း