ကိုယ်တိုင်ချုပ်၊ ပြန်လျှော်သုံး

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း -တပ်ဆင်ရေးအသိပညာပေးမှုများ အနယ်နယ်အရပ်ရပ်၌ ပြုလုပ်နေကြရသည်။ အချို့က နှာခေါင်းစည်းတပ်ဆင်ရေးကမ်ပိန်းပြုလုပ်သည်။ အချို့က အခမဲ့ဝေငှလှူဒါန်းကြသည်။ မည်မျှပင် ပညာပေးပေး အလေးဂရု မပြုသူများကိုမူ ခုဝယ်၊ ခုတပ်အစီအစဉ်ဖြင့် တွန်းတွန်း တိုက်တိုက် လုပ်ကြသည်ကိုလည်း တွေ့ရသည်။ အခမဲ့ဝေငှသည် ဆိုလျှင် တန်ဖိုးမထားသူတို့ ရှိကြခြင်းကြောင့် ချက်ချင်းဝယ်ယူကာ ချက်ချင်းတပ်ဆင်စေသည့် သဘောဖြစ်သည်။ အချို့ဒေသများတွင် ပြင်ပ၌ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို ကျပ် ၅၀၀၀ ခန့် ဒဏ်ငွေဆောင်စေသည်ကိုလည်း သတင်းများအရ သိရသည်။ ။

နှာခေါင်းစည်း(maskတပ်ဆင်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက် မှုကာကွယ်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့သည့် အစောပိုင်းကာလတွင် ကျန်းမာသူ များမှာ သာမန်အားဖြင့် နှာခေါင်းစည်းတပ်ဆင်ရန်မလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့မှု သဘောသဘာဝကို ပိုမိုသိရှိလာရသည့် အတွက် နှာခေါင်းစည်းတပ်ဆင်မှုကို လူတိုင်းပြုလုပ်ကြရန်လိုကြောင်း ပြောင်းလဲအကြံပြုလာခဲ့ခြင်းဖြစ်သည်။

လေထုထဲတွင် လွင့်မျောနေဖွယ်ရှိသည့် ပိုးမွှားများ အသက်ရှူ လမ်းကြောင်းထဲသို့ ရှူးမသွင်းမိစေရန် အကာအကွယ်ပေးသည့် Mask များကို နှာခေါင်းစည်းဟူ၍ သာမန်အားဖြင့် ခေါ်ဝေါ်လေ့ရှိကြသော်လည်း ပါးစပ်ကိုပါ လုံခြုံအောင် ဖုံးကွယ်ထားကြရခြင်းဖြစ်၍ ပါးစပ်နှာခေါင်းစည်းဟူ၍လည်း ခေါ်ကြသည်။ လူများ စကားပြော ရာမှ၊ နှာချေချောင်းဆိုးရာမှ ထွက်လာသည့် အရည်အစက်အမှုန် အမွှားငယ်များနှင့်အတူ ရောဂါပိုးမွှားဗိုင်းရပ်စ်များပါ လေထဲမှ တစ်ဆင့် မသွင်းမိစေရန် ကာကွယ်ကြရခြင်းဖြစ်သည်။ ထို့အပြင် မိမိတွင် အအေးမိ၊ တုပ်ကွေးကဲ့သို့သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတစ်စုံတစ်ရာရှိနေပါက မိမိထံမှ ရောဂါပိုးမွှားများ ပြင်ပသို့ ရောက်ရှိပျံ့လွင့်သွားပြီး အခြားသူများကို ကူးစက်မှု မဖြစ်စေရန်အတွက်လည်း ပါးစပ်နှာခေါင်းစည်းက ကာကွယ်ပေးသည်။ စင်စစ်အားဖြင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြသည့် အလေ့အထမှာ အရှေ့အာရှနိုင်ငံများဖြစ်သည့် ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်တို့တွင် စွဲမြဲနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ဆားစ်၊ ကိုဗစ်-၁၉ စသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ များ ပေါ်ပေါက်လာသည့်အခါတွင် ပါးစပ်နှာခေါင်းစည်း(mask) တို့ကို မဖြစ်မနေတပ်ဆင်လာကြရသည်။ အချို့နိုင်ငံများတွင်လူအများကြား သွားလာစဉ် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်ပါက ထောင်ဒဏ်အပြစ် ပေးရန်အထိ ကြပ်မတ်လာကြသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးတို့အတွက်ဆေးဝါး ရှာမတွေ့သေးသလို တစ်ကမ္ဘာလုံးပျံ့နေသည့် ကပ်ရောဂါကကြာရှည်နေဦးမည့် အလားအလာများရှိနေသည်။ ထို့အပြင် ဗိုင်းရပ်စ်၏ ဗီဇသဘာဝပြောင်းလဲခြင်းကြောင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသည့်ကာလ ပိုမိုကြာမြင့်လာသည်ဟုလည်း ဆိုသည်။ မကြာမကြာ လက်ဆေးရန်၊ ပြင်ပသွားလျှင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်ဟူသော အလေ့ အကျင့်တို့ကို အချိန်တော်တော်ကြာအောင် ကျင့်သုံးကြရဦးမည်ဟု ယူဆမိသည်။ ရေရှည်တွင် တစ်ခါသုံး နှာခေါင်းစည်းများဝယ်ယူရန် စရိတ်စက ထောင်းလာမည်ဖြစ်ရာ နေ့စဉ် ပြန်လျှော်သုံးနိုင်သည့် ပါးစပ်နှာခေါင်းစည်းများ ချုပ်လုပ်သုံးစွဲကြရန်လည်း အကြံပြု နှိုးဆော်လိုသည်။

ချည်ထည် သို့မဟုတ် လီနင် သို့မဟုတ် ချည်ထည်နှင့် လီနင်တို့ ပေါင်းစပ်ထားသည့် နှစ်လွှာပါသော အရည်အသွေးမီ အဝတ် နှာခေါင်းစည်း (Cloth mask) က ဗိုင်းရပ်စ်အကောင် ၁၀၀ လျှင် ၃၃ ကောင်သာဝင်လာစေရန် တားဆီးနိုင်ပြီး ခွဲစိတ်ခန်းသုံး နှာခေါင်း စည်းက ဗိုင်းရပ်စ်အကောင် ၁ဝဝ လျှင် ၂၅ ကောင်သာ ဝင်လာစေ ရန် တားဆီးနိုင်သည်ဟု ဆိုထားရာ မကွာခြားလှဟု ဆိုနိုင်သည်။ စရိတ်စကသက်သာမှုက ရေရှည်တွင် ကွာသွားနိုင်သည်။ မိမိ စိတ်ကြိုက်အရောင်အသွေး၊ အဆင်ဒီဇိုင်းများဖြင့် အဆင့်မီ ပါးစပ် နှာခေါင်းစည်းများ ချုပ်လုပ်တပ်ဆင်ကြခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ကာကွယ်နိုင်ကြပါစေကြောင်း။ ။

man