ကိုယ်တိုင်လည်းရှောင်ကြဉ် ပူးပေါင်း၍လည်းတိုက်ဖျက်

နေပြည်တော် ၈ စက်တင်ဘာ

 

အကောက်ခွန်ဦးစီးဌာနမှ အရာထမ်းအမှုထမ်း ၁၃ ဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲအရေးယူခဲ့သည်။

 

တရားစွဲအရေးယူခံခဲ့ရသည့် အကောက်ခွန်ဦးစီးဌာနမှ အရာထမ်းအမှုထမ်း ၁၃ ဦးတို့သည် Delivery Van များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ကြီး/ကော်မူဝါဒနှင့် ကိုက်ညီမှုမရှိသော ယာဉ်များအား ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် Custom Agent မှတစ်ဆင့် ငွေပေးဆောင်ရခြင်း၊ လုံးဝမပြုပြင်ထားသောကားများ ထုတ်ယူရန်အတွက် ငွေပေးဆောင်ရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှပစ္စည်းများထုတ်ယူရာတွင် Custom Agent မှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့်အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားမှုအပေါ် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးပေါ်ပေါက်ချက်များအရ ယခုကဲ့သို့ တရားစွဲ အရေးယူသည့်အခြေအနေသို့ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

ဝန်ထမ်းများတွင် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများကို တိတိကျကျ ပြဋ္ဌာန်းထားရာ ဝန်ထမ်းတိုင်းက မိမိတို့၏တာဝန်၊ ကျင့်ဝတ်နှင့် စည်းကမ်းတို့ကို တစ်သဝေမတိမ်း ထမ်းဆောင်၊ စောင့်ထိန်း၊ လိုက်နာကြခြင်းအားဖြင့် အဂတိလိုက်စားမှုသည်လည်းကောင်း၊ အဂတိလိုက်စားမှုကြောင့် တရားစွဲအရေးယူခံရသည့် အခြေအနေသည်လည်းကောင်း ပေါ်ပေါက်လာမည် မဟုတ်ပေ။ ဝန်ထမ်းများစောင့်ထိန်းရမည့်ကျင့်ဝတ် (၁၅)ခု ပြဋ္ဌာန်းထားရာတွင် “တာဝန်အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုခြင်းတို့ကို ရှောင်ကြဉ်ရမည်”၊“တရားသဖြင့် ရရှိအပ်သောဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကိုရှောင်ကြဉ်ရမည်” ဟူသော အချက်များပါဝင်သကဲ့သို့ ဝန်ထမ်းများလိုက်နာရမည့်စည်းကမ်းများတွင်လည်း “တာဝန်အရ အပ်နှံထားသည့်လုပ်ပိုင်ခွင့်နှင့် ရာထူးဩဇာအရှိန်အဝါကိုသုံး၍ကိုယ်ကျိုးရှာခြင်းမပြုရ”၊ “လာဘ်ပေးခြင်း ၊ လာဘ်ယူခြင်းမပြုရ”၊ တာဝန်အရပြုလုပ်ပေးခဲ့ရသည့် လုပ်ငန်းအတွက်လည်းကောင်း၊တာဝန်အရဆောင်ရွက်ရန်ရှိသည့် အလုပ်ကိုဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အခြားဝန်ထမ်းတစ်ဦးအား အမှုကိစ္စတစ်ရပ်ကိုပြုလုပ် ပေးစေရန် သို့မဟုတ် တာဝန်အရပြုလုပ်ရမည့်အလုပ်ကို မပြုလုပ်စေရန်အတွက်လည်းကောင်း၊ မိမိကဖြစ်စေ၊ အခြားဝန်ထမ်းတစ်ဦးကဖြစ်စေအမှုကိစ္စတစ်ခုကို မတရားသောနည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန် အတွက်လည်းကောင်း ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကိုတောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန်သဘောတူခြင်းမပြုရန် ပြဋ္ဌာန်းထားသည့်အလျောက် ဝန်ထမ်းတိုင်းကလိုက်နာကြရန် တာဝန်ရှိသည်။

 

 

အဂတိလိုက်စားမှုဆိုသည်မှာ ရာထူးတာဝန်နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာကိုယ်ကျိုးရှာရာမှ ပေါ်ပေါက်လာရခြင်းဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ၊တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရေး၊ နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့အပေါ်တွင် ကြီးမားသောအနှောင့်အယှက်အဟန့်အတားတို့ကို ဖြစ်ပေါ်စေသည့်အလျောက် ဆယ်စုနှစ်ပေါင်းများစွာ နာတာရှည်အမြစ်တွယ်လာခဲ့သော အဂတိလိုက်စားမှုကင်းစင်ပပျောက်ရေးအတွက် နိုင်ငံတော်က အားစိုက်ခွန်စိုက်ကြိုးပမ်းလျက်ရှိပြီဖြစ်ရာ လာဘ်ပေးခြင်းအမှု၊ လာဘ်ယူခြင်းအမှုတို့ကို ကိုယ်တိုင်လည်းရှောင်ကြဉ်၊ ဝိုင်းဝန်း၍လည်းတားဆီး၊ပူးပေါင်း၍လည်း ဖော်ထုတ်တိုက်ဖျက်သွားကြရန် နှိုးဆော်အပ်ပါကြောင်း။ ။