ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

၉ စက်တင်ဘာ

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရနိုင်ပါတယ်။ အချို့သော ပြောင်းလဲမှုတွေက ထူးထူးခြားခြား သိပ်မဖြစ်လှပေမယ့် အချို့သောပြောင်းလဲမှုတွေကတော့ တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။

 

ဒီပြောင်းလဲမှုမှာက ဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။ ဒီတော့ ဘာတွေက ဖြစ်ရိုးဖြစ်စဉ်ဖြစ်လို့ ဘာတွေက အချက်ပြ လက္ခဏာတွေလဲ။ စိုးရိမ်ဖို့ လိုမလား၊ မလိုဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။

 

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ပြောင်းလဲမှု အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ပြောင်းလဲမှုကို ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပေမယ့် အများစုကတော့ ဒီပြောင်းလဲမှုတွေကို တွေ့ကြုံရစမြဲပါ။

 

ဝမ်းချုပ်ခြင်း

ဒါက ကိုယ်ဝန်ဆောင် မေမေတိုင်းလိုလို ကျော်သွားလို့ မရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပေါ့။ ကိုယ်ဝန် အစောပိုင်းကာလမှာ ခံစားကြရတာ များပါတယ်။

 

အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုက မေမေတို့ကို ဝမ်းချုပ်စေရတဲ့ အချက်ပါပဲ။

 

ကြွက်တက်ခြင်း

ကြွက်တက်တယ်ဆိုတာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ကြွက်သားထဲက စူးခနဲ နာကျင်မှုပါ။ ခြေသလုံး ကြွက်သားနဲ့ ခြေထောက်မှာ အဖြစ်များပါတယ်။  ညဘက်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ရတဲ့ အကြောင်းအရင်းကို ဘယ်သူကမှ သေသေချာချာ မသိရသေးပါဘူး။

 

ပင်ပန်းနွမ်းနယ်ခြင်း

ကိုယ်ဝန်ဆောင် မေမေ အများစုဟာ မူးဝေတာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရလေ့ရှိပါတယ်။ အကြောင်းကတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ တစ်ခါတလေမှာ ဒီလို ဖြစ်ရတာက ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု မလုံလောက်ဘဲ အောက်ဆီဂျင် ရရှိမှု နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

ပူသလို အိုက်သလို ခံစားရခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး ပူတယ်၊ အိုက်တယ်လို့ ခံစားရနိုင်ပါတယ်။ အကောင်းကတော့ ဟော်မုန်းပြောင်းလဲမှုဖြစ်တာရယ် အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ပိုများလာတာကြောင့်ပါ။ ချွေးတွေလည်း ပိုထွက်နိုင်ပါတယ်။

 

ဆီးမထိန်းနိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်မှာ ဆီးမထိန်းနိုင်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါတွေမှာ မထိန်းနိုင်ဘဲ ဆီးထွက်ကျတာမျိုး။ ထိုင်နေရာကနေ ထလိုက်တဲ့အခါမှာ ဆီးထွက်ကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။

 

ဒါက ရေရှည်စွဲကျန်ခဲ့မယ့် ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ကလေးမွေးဖွားဖို့နဲ့ ကလေးမွေးဖွားပြီးချိန်မှ ဆီးအိမ်တဝိုက်က ကြွက်သားတွေ ပြေလျော့နေတဲ့ သဘောပါ။

 

ဆီးခဏခဏ သွားခြင်း

ကိုယ်ဝန် အစောပိုင်းကာလကနေစပြီး ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ဆီးခဏခဏ သွားရတာမျိုး ကြုံရနိုင်ပါတယ်။ ဘေဘီလေးရဲ့ ဦးခေါင်းက ဆီးအိမ်ကို ဖိထားတာကြောင့် ဆီးခဏခဏ သွားရတာပါ။

 

ခြေလက်တွေ ဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောရောင်တာကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပေါ့။ နေရထိုင်ရ မသက်မသာဖြစ်နိုင်ပေမယ့် အန္တရာယ်တော့ မရှိပါဘူး။

 

အသားအရေ ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ရင်သားထိပ်တွေ အရောင်ရင့်လာတာ၊ အသားအရေတွေ အရောင်ပြောင်းတာမျိုး အရေပြားမှာ အကွက်လိုက် မဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။

 

မွေးရာပါအမှတ်တေါ၊ မှဲ့တွေ အရောင်ရင့်လာတာမျိုး ရှိနိုင်သလို ဗိုက်အလယ်မှာ အနက်ရောင် အစင်းကြောင်း ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲ နေတာကြောင့် အရေပြားက နေလောင်လွယ်တာမျိုးလည်း ရှိနိုင်ပါတယ်။

 

ဆံသား ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသားပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်တွေ ပိုသန်လာတာမျိုးပေါ့။ ကလေးမွေးဖွားပြီးချိန်မှာ ဆံပင်ကျွတ်တယ်ဟုတ်။ အဲ့အခါ ကျွတ်သွားတဲ့ ဆံပင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ပေါက်ခဲ့တဲ့ ဆံပင်တွေသာဖြစ်လို့ မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်