ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူကြပ်လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တော်များများ သိကြမှာပါ။ ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တစ်ချို့အရာတွေ ပြောင်းလဲလာလေလေ ဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်က အဖြူဆင်းတာတွေ ခြေထောက်ဖောရောင်တာတွေ  အပြင် အသက်ရှူရ ခက်တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

 

ဒီလို အသက်ရှူရခက်တာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။

ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာ ပုံမှန်ဖြစ်နေကျ အရာတစ်ခုပါ။

 

-           ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြှေး diaphragm ကို သွားဖိတဲ့အခါ အသက်ရှူရခက်သလို

-           ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။

ကိုယ်ဝန်ရင့်လာတဲ့အခါ အသက်ရှူခက်တာ ပုံမှန် ပြဿာနာတစ်ခုဆိုပေမယ့် ခုပြောပြမယ့် ပြဿနာတွေရှိရင်တော့ စိုးရိမ်စရာရှိပါတယ်။

ပန်းနာရင်ကြပ်ရောဂါ အစတည်းကရှိတဲ့သူတွေ

 

ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ရင့်လို့ ပုံမှန် အသက်ရှူကြပ်တာလား၊ ပန်းနာရင်ကြပ်ပြန်ထတာလားဆိုတာကို သေချာခွဲသိဖို့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။

 

သွေးအားနည်းခြင်း

 

သွေးအားနည်းတယ်ဆိုတဲ့နေရာမှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရခက်တာ၊ နုန်းနေတာ၊ ခေါင်းကိုက်ပြီး မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်ဖြည့် သွေးအားနည်းနေတာကိုသိဖို့ ဆရာဝန်က သွေးတွင်းသံဓာတ် ပမာဏကို စစ်ဆေးမှာဖြစ်ပြီး နည်းနေတာသေချာရင် သံဓာတ်ဖြည့် အားဆေးတိုက်မှာ ဖြစ်ပါတယ်။

 

အသက်ရှူလိုက်တိုင်း အောင့်နေတာ (ဒါမှမဟုတ်) အဆက်မပြတ်ချောင်းဆိုးတာ။

 

အသက်ကိုရှိုက်ရှူလိုက်တဲ့အခါ ရင်ဘတ်အောင့်သွားတာ၊ အသက်ရှူမဝလို့ အသက်မြန်မြန် ရှူနေရတာနဲ့ သွေးခုန်နှုန်းတွေ မြန်လာတာ၊ ချောင်းအဆတ်မပြတ် ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿာနာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီး အဖြေရှာ ကုသသင့်ပါတယ်။

 

ဒီလို ကိုယ်ဝန်ရင့်တဲအ့ခါ အသက်ရှူရခက်တာက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုတော့ ဘယ်လို သက်သာအောင် နေရမလဲ။

အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေအတွက်တောင် နေထိုင်ရတာ သက်တောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေ အတွက်ဆို ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေ အများကြီးပါ။

 

ကိုယ်ဟန်အနေအထားကိုပြင်ပါ။

 

ထိုင်နေရင်ပဲဖြစ်ဖြစ် မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကိုမတ်မတ်ထားပါ။ ဒါမှ ရင်ဘတ်ကျယ်သွားသလိုဖြစ်ပြီး အဆုတ်အလုပ်လုပ်ရတာ ပိုလွယ်ကူမှာပါ။

 

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

 

ယောဂလိုမျိုး အငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ကိုယ်ဝန်ဆောင်တွေ လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်းအချုပ်က အသက်ရှူလေ့ကျင့်ခန်းနဲ့ အကြောတွေ ပြေလျော့အောင် လုပ်တာဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့ အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းနဲ့ ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

 

စိတ်ကို အေးအေးထားပါ။

 

အသက်ရှူရကြပ်နေလို့ဆိုပြီး အရမ်းအစိုးရိမ်မလွန်ပါနဲ့။ ပိုပြီး စိုးရိမ်လေလေ အသက်ရှူရပိုကြပ်လေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကိုအေးအေးထားပါ။ အသက်ကိုဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။

 

မွေးရမယ့်ရက် နီးလာလေလေ အသက်ရှူရခက်တဲ့ ပြဿနာ တဖြည်းဖြည်း နည်းလာလေလေဖြစ်မှာပါ။ မွေးခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်တို့အတွက် နေရာပြန်ရသွားပြီး အသက်ရှူရတာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

 

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်