ကကေးရို(ကိုကိုး)မှသည် ချောကလက်ဆီသို့

၂၃ ဩဂုတ်

 

ဒီတစ်ပတ်မှာ မမက ကလေးတို့ သိပ်ကိုကြိုက်တတ်တဲ့ ချောကလက်ရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ ချောကလက်ကို ဘယ်ကနေ ရရှိသလဲ၊ ဘယ်တုန်းက စပြီး စားကြသလဲဆိုတာကို ကလေးတို့ သိကြသလား။

 

အမေရိကတိုက် မက္ကဆီကိုနိုင်ငံက တိုင်းရင်းသားတွေ က ကကေးရို(ကိုကိုး)လို့ခေါ်တဲ့ အပင်ရဲ့ အစေ့ကို အမှုန့် ကြိတ်ပြီး အရည်ဖျော်သောက်သုံးကြသတဲ့။ ကကေးရို (ကိုကိုး)အစေ့လေးတွေက ဗာဒံစေ့နဲ့တူပြီး ခါးသက်သက်နဲ့ ပေါ့ကွယ်။ သူ့ရဲ့ မူလအရသာကို နွားနို့၊ သကြားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကလေးတို့သိပ်ကို ကြိုက်နှစ်သက် ကြတဲ့ ချောကလက်ရလာတာပေါ့။ ချောကလက်ဆိုတဲ့ပုံစံနဲ့ အခဲပြုလုပ်စားသုံးမှုကတော့ ၁၈၄၂ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံကို ရောက်သွားတဲ့ စပိန်လူမျိုးတွေကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တယ်လို့ ပြောကြပါတယ်။ ၁၈ ရာစုလောက်မှာ ချောကလက်ကို တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်မှု အမြင့်ဆုံးစတင်ခဲ့တာပါ။

 

ချောကလက်ဖြစ်လာအောင် ကကေးရို(ကိုကိုး)အစေ့တွေကို စက်ရုံတွေဆီ သယ်ယူပြီး စက်နဲ့ မွှေးနေအောင် လှော်ရတာတဲ့။ ပြီးတော့ အမှုန့်ကြိတ်ပြီး နွားနို့၊ သကြား၊ကော်မှုန့်တွေနဲ့ ရောစပ်၊ အအေးခံပေးလိုက်တဲ့အခါ ချိုချိုဆိမ့်ဆိမ့် ချောကလက်တွေ ရလာတော့တာပေါ့။

 

ချောကလက်မှာ ပရိုတင်း၊ အဆီဓာတ်နဲ့ အခြားခွန်အား ဖြစ်စေတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ချောကလက်မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓာတ်တွေပါဝင်သတဲ့။ ဒါကြောင့် သွေးတိုးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါနဲ့ အသည်းအဆီဖုံးတာတွေ၊ ဆီးချိုနဲ့ လေဖြတ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေး ပါသတဲ့။ ချောကလက်ကို စားမယ်ဆိုရင် ဉာဏ်ကောင်းစေပြီး စိတ်ရွှင်လန်းစေတယ်လို့လည်းဆေးပညာရှင်တွေက ဆိုထားတာပါ။ ဒါပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့ ၀တုတ်ကြီးဖြစ်လာတာ၊ အိပ်ချင်စိတ်မရှိတာနဲ့ ချောကလက်ကိုပဲ အမြဲစားချင်ပြီး ရေငတ်လွန်တာ စတဲ့ ရောဂါတွေဖြစ်တတ်လို့ အလွန်အကျွံ မစားမိဖို့တော့ လိုပါတယ်။

 

ချောကလက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ယုံတမ်း စကားကတော့ ၁၆၁၅ ခုနှစ်လောက်က ပြင်သစ်ဘုရင် လူးဝီ(၁၃)ကို မိဖုရားဖြစ်တဲ့ စပိန်ဘုရင်သမီးတော် အန်းန်မင်းသမီးက ချောကလက်ဖျော်ရည်ကို တိုက်သတဲ့။ ဘုရင်မင်းမြတ်ကြီးက ချောကလက်ရည်ကို သောက်ပြီးတဲ့အခါ နေမကောင်းရာက ပြန်လည်ကျန်းမာလာသတဲ့။ အဲဒါကြောင့် ချောကလက်ဖျော်ရည်ကို အဖိုးတန်တဲ့ဆေးအဖြစ် သုံးစွဲကြသတဲ့။ နောက်ပိုင်းမှာ လူသားအချင်းချင်း ချစ်ခင်မြတ်နိုးတာကို ချောကလက်နဲ့ သက်သေပြကြသတဲ့။ ကိုယ်ချစ်တဲ့သူကို ချောကလက်ဝယ်ကျွေးတာက ချစ်တယ်လို့ ပြောပြလိုက်တာနဲ့ အတူတူပဲပေါ့ကွယ်။ ကလေးတို့လည်း မေမေတို့ဖေဖေတို့ဆီက ချောကလက်လက်ဆောင် ရပြီးကြပြီလား။ မရသေးရင်တော့ အမြန်ဆုံးဝယ်ကျွေးခိုင်း လိုက်ပါတော့နော်။ ကလေးတို့အားလုံး ပျော်ရွှင်ကြပါစေ။

 

ကေ - ဂျူဝယ်လ်