ကချင်မြေကိုလာပါ တကယ်ပျော်မယ်နော်

Truly Amazing The Northern Part of Myanmar, Kachin’s Myitkyina

 

Thiha, the Traveller @ သီဟလုလင်

 

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကို အလုပ်ကိစ္စတွေနဲ့ ရှေ့ပိုင်းက ရောက်ဖူးခဲ့ပေမယ့် တစ်ခါမှ မလည်ဖြစ်ခဲ့ဘူး။ ဒီတစ်ခါတော့ သီတင်းကျွတ်ပိတ်ရက်လေးနဲ့ တိုက်ဆိုင်နေတာ ကြောင့် မြစ်ကြီးနား ခရီးစဉ်လေး လိုက်သွားဖြစ်ခဲ့တယ်။ လိုက်သွားဖြစ်တယ်ဆိုတာက ဒီလိုဗျ။ ကျွန်တော်က Tour အစီအစဉ်နဲ့ လိုက်လေ့လိုက်ထနည်းပေမယ့် မြစ်ကြီးနားကို 2+1 VIP ကားနဲ့ သွားလည်ရမယ့် ခရီးစဉ်ဖြစ်တာမို့ စိတ်ဝင်စားပြီး သွားဖြစ်တာပါ။ မြစ်ဝကျွန်းပေါ်ကနေ မြန်မာပြည် မြောက်ဖျားထိဆိုတော့ ကားညောင်းအောင် စီးရမယ်ထင်ထားပေမယ့် ကားအကြာ ကြီးစီးရတဲ့တိုင် လမ်းခရီးတစ်လျှောက် မြင်ကွင်းတွေက အတော်လေးဆွဲဆောင်မှုရှိလို့ ပျင်းစရာ ဖြစ်မနေတာကို သတိပြုမိတဲ့ခရီးစဉ်ပဲ ဆိုပါတော့ဗျာ။

 

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနား

 

မြစ်ကြီးနားမြို့ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ၄၇၆ ပေမှာရှိနေပြီး သိပ်မမြင့် တဲ့ တောင်ပေါ်မြို့လေးလို့ ဆိုရပါမယ်။ မေခနဲ့ မလိခ မြစ်နှစ်သွယ်ကနေ ဧရာဝတီ မြစ်ကြီးဖြစ်ပေါ်လာတဲ့ အနီးမှာ တည်ရှိနေတဲ့ မြို့ဖြစ်လို့ မြစ်ကြီးအနားက မြို့အဖြစ် မြစ်ကြီးနားလို့ ခေါ်တွင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက တည်ရှိနေခဲ့ပြီး တရုတ်ပြည်နဲ့ ကုန်သွယ်ချက်မ မြို့တစ်မြို့ လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ မြို့တော်အဖြစ်ကိုတော့ ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာမှ တရားဝင်သတ်မှတ် ဖြစ်တည်လာတယ်လို့ မှတ်သားရပါတယ်။

 

03

 

ဘယ်လိုသွားမလဲ

 

မြစ်ကြီးနားမြို့ကို ရန်ကုန်၊ မန္တလေးကနေ အထူးကား 2+1 VIP, 1+1+1 VIP နဲ့ ပုံမှန် အထူးကား အမျိုးမျိုးရောက်ပါတယ်။ High Class ကားတွေကတော့ ရန်ကုန် - မြစ်ကြီးနား နေ့စဉ်ပြေးဆွဲပါတယ်။ ကားအမျိုးအစား လည်း အမျိုးမျိုးရွေးချယ်စီးနင်းလို့ ရပါတယ်။ မနောတံခွန်လည်း ရှိပါသေးတယ်။ မန္တလေး နဲ့ နေပြည်တော်က ဆိုရင်တော့ ဂျိန်းဖော့ရွှေမြေ ကားတွေ ရှိပါတယ်။ အမျိုးအစားအမျိုးမျိုး ရွေးချယ်စီးနင်းလို့ ရပါတယ်။ အချိန်အားဖြင့် တော့ ၂၄ နာရီဝန်းကျင် ကြာတတ်ပါတယ်။ တချို့လည်း မန္တလေး - မြစ်ကြီးနား ရထား စီးကြပါသေးတယ်။ လေယာဉ်ကတော့ အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ ဈေးကလည်း အတော်မြင့်ကိုး။ အချိန်အားဖြင့်တော့ ၂ နာရီခွဲ ဝန်းကျင် ကြာပါတယ်။

 

မြစ်ကြီးနားမြို့မှာ လည်ပတ်စရာ

 

မြစ်ကြီးနားတစ်ခွင် လည်ပတ်ဖို့ဆိုရင် တော့ ရန်ကုန်/မန္တလေးကနေ Travels & Tours တွေက သီးသန့်စီစဉ်ပေးနေတာတွေ လည်း ရှိသလို ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ဟိုရောက်မှ ကားငှားပြီး လည်ပတ်နိုင်ပါ တယ်။ Travels & Tours တွေနဲ့ သွားတာ ကတော့ လူအများနဲ့ အသိမိတ်ဆွေဖွဲ့ရင်း ရောက်သင့်တဲ့နေရာ တစ်ခုမကျန် ရှင်းလင်း ပြောပြပေးမယ့်သူနဲ့တကွ အချိန်မကုန်၊ ငွေကုန်နည်းနည်းနဲ့ ရောက်သွားနိုင်ပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင်တော့ ကားခ ကအစ ပိုမိုကုန်ကျနိုင်တာတော့ အမှန်ပါ။ သီးသန့်တော့ ဖြစ်မှာပေါ့လေ။ ကဲ မြစ်ကြီးနား ဝန်းကျင် ဘယ်တွေလည်ရမလဲ ကြည့်ရအောင်။

 

မနောကွင်း

 

မြို့လယ်မှာ ထင်ထင်ရှားရှားရှိတဲ့ မနောကွင်းကို မြစ်ကြီးနားရောက်ရင် မဖြစ်မနေ လည်ပတ်ကြည့်ရမှာပါ။ ဒီကွင်းမှာ အခမ်းအနားကြီးတွေပဲ ပြုလုပ်လေ့ရှိပါတယ်။ မြင့်မားလှပတဲ့ မနောတိုင်ကြီးတွေကို တည်ထောင် ထားပြီး လာရောက်ကြတဲ့ ခရီးသွားဧည့်သည် တွေအတွက် ကချင်ပြည်နယ်ရောက်ကြောင်း အထင်ရှားဆုံးပြနိုင်တဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကွင်းမှာ မနောပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ကချင်လူမျိုး တွေရဲ့ ပွဲတော်တွေထဲမှာ မနောပွဲဟာ အခမ်းနားဆုံးနဲ့ ရှေးအကျဆုံးလို့ ဆိုပါတယ်။ မနောပွဲကို လေးရက်ကနေ ရှစ်ရက်အထိ ကျင်းပလေ့ရှိပါတယ်။မနောပွဲကို နှစ်စဉ် ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိတာပါ။ မနောကွင်းအတွင်းမှာလည်း မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အကျော် ကချင်တိုင်းရင်းသား အောင်လအန်ဆန်ရဲ့ ပုံတူရုပ်တုကြီးကိုလည်း ဂုဏ်ယူစရာ စိုက်ထူထားသေးလို့ အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်ပါသေးတယ်။ မနောကွင်းနောက်ဘက် အောက်ချိုင့်ဝှမ်း လေးထဲက စားသောက်ဆိုင် ဟာလည်း စားကောင်းတဲ့ဆိုင်ပါ။ Lung Ga Pa ဆိုတဲ့ ဆိုင်ပါ။ ဧရာဝတီမြစ်မြင်ကွင်းနဲ့ စားကြရ ပါတယ်။

 

လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်ကြီးနှင့် ရပ်တော်မူ၊ လျောင်းတော်မူ ဘုရားကြီးများ

 

မြစ်ကြီးနားမြို့မှာ ရှေးအကျဆုံးစေတီလို့ ဆိုကြတဲ့ လောကမာရ်အောင် ဆုတောင်းပြည့် စေတီကိုလည်း လာရောက်လည်ပတ်ကြ ပါတယ်။ လျောင်းတော်မူဘုရားကြီးကို ဖူးမြော် သူလည်း များပါတယ်။ လျောင်းတော်မူနဲ့အတူ ရပ်တော်မူဘုရားကြီးလည်း ရှိပါသေးတယ်။ ဒီဘုရားမှာပဲ ဂျပန်စာနဲ့ ရေးထိုးထားတဲ့ ကျောက်စာမျိုးတွေ ရှိပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေ စစ်ရှုံးလို့ ပြန်အဆုတ်မှာ ဂျပန်တပ်မတော် ၅၆ က ဂျပန် စစ်ပြန် မစ္စတာ မစ်ဆူမိဆာကာဂူချိက ကချင် စစ်မျက်နှာအတွင်း ကျဆုံးသွားတဲ့ ဂျပန် စစ်သားတွေ၊ စစ်အတွင်း သေဆုံးသွားတဲ့ တိုင်းရင်းသားတွေကို ရည်စူးပြီး လျောင်းတော်မူဘုရားကို တည်ဆောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဟိန္ဒူရွှေကျောင်း

 

မြစ်ကြီးနားမြို့မှာ ကျွန်တော် သဘောကျ မိတဲ့ နေရာတစ်ခုပါ။ ဓာတ်ပုံရိုက်ဖို့ပေါ့။ ပြည်သူ့ရင်ပြင်နားမှာ တည်ရှိပါတယ်။ ရွှေရောင် ဟိန္ဒူဘုရားကျောင်းဆိုပေမယ့် ရွှေရောင် တောက်တောက်ကြီးမျိုး မဟုတ်ဘဲ သဘောကျစရာ အရောင်လေးပါ။ ကျောင်းကြီးက အသစ်တည်ဆောက်ထား တာလို့လည်း သိရပါတယ်။ အတော်လေး အမြင်ဆန်းပြီး အိန္ဒိယ Jaipur က အဆောက် အဦတွေကို သတိရမိစေသလိုပါပဲ။

 

ပြည်သူ့ရင်ပြင်

 

မြစ်ကြီးနား ပြည်သူ့ရင်ပြင် အပန်းဖြေ နေရာလေးကလည်း အပျင်းပြေသွားလည်ဖို့ သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

မြို့မဈေး

 

ဈေး (၁)၊ ဈေး (၂) ဆိုပြီး ရှိတယ်တဲ့။ ဈေး (၁)က အထည်အလိပ်လိုမျိုး လူသုံးကုန်နဲ့ ဈေး(၂)က စားသောက်ကုန်တွေ ရောင်းတယ်လို့ ကျွန်တော်တော့ မှတ်သားမိလိုက်ပါတယ်။ ရိုးရာအထည်တွေ ကိုတော့ ဈေး(၁)မှာ ဝယ်ခဲ့ ရတာ မှတ်မှတ်ရရပဲ။ ခေါပုတ်လို အိမ်ပြန် လက်ဆောင်တွေကိုတော့ ဈေး(၂)မှာ ဝယ်ခဲ့ ရတယ်။

 

ညဈေး

 

မြစ်ကြီးနားညဈေးက နာမည်ကြီးပါ။ ခရီးသွားဧည့်သည်တိုင်း လာကြရပါတယ်။ ညဈေးနဲ့အတူ အထူးနာမည်ကြီးတာက ကြက်ဥကစော်ပါ။ ကျွန်တော် သောက်ဖူးနေကျ ကစော်နဲ့မတူတော့ နည်းနည်းတော့ ထူးဆန်းတယ်ထင်မိတယ်။ ဆန်ပြုတ်လေးလို သောက်လို့ကောင်းပါတယ်။ တန်းစီတိုးဝှေ့ လုယက်ဝယ်ယူကြရပါတယ်။ အစားအသောက်၊ အဝတ်အထည်၊ ကစားစရာ၊ သစ်သီး စတာတွေ အများဆုံးတွေ့ရတယ်။ အရက်ဘီယာဆိုင်ကလွဲရင် ညဘက်သွားစရာ တစ်ခုခုရှိတာမို့ ကျေနပ်စရာတော့ ဖြစ်စေပါတယ်။

 

02

 

အောင်ဇေရန်အောင်စေတီ၊ လောကအေးချမ်းစေတီနှင့် သပြေတစ်ထောင်

 

တပ်ဦးစေတီနဲ့ ဘုန်းကြီးကျောင်းလို့ ဆိုရပါမယ်။ မြစ်ကြီးနားလေဆိပ်အနီးမှာ တည်ရှိပါတယ်။ အောင်ဇေရန်အောင်စေတီနဲ့ ကပ်လျက်လေး လောကအေးချမ်းစေတီ တစ်ဆူရှိပါတယ်။ ပုဂံခေတ်လက်ရာလေး တည်ထားတာပါ။ အထူးခြားဆုံးက ရုပ်ပွား တော်ပေါင်းများစွာ တစ်နေရာတည်းမှာ တည်ရှိနေတာမို့ ဓာတ်ပုံရိုက်ရင်လည်း အတော်လှတဲ့ နေရာလေးပါ။

 

Ja Jubilimasat Nawkuhting Nu ဘုရားကျောင်းကြီး

 

မြစ်ကြီးနားမှာ ခရစ်ယာန်ဘုရားကျောင်း တွေကတော့ များပါတယ်။ နှစ်သက်တမ်းရှည် ဘုရားကျောင်းကနေ မနေ့တစ်နေ့ကမှ ဆောက်ပြီးတဲ့ ဘုရားကျောင်းအထိ၊ ကျောက်ခဲ လေးတွေ စီရီထားတဲ့ သေးသေးကျစ်ကျစ် ကနေ မိုးထိမြင့်မားတိုက်တာ ကြီးကြီးမားမား အထိ စုံနေတာပါပဲ။ ဒီဘုရားကျောင်းလေးရဲ့ တည်ဆောက်ဟန်လေးက ခေတ်မီနေပြီး မြစ်ကြီးနားမှာ အကြီးဆုံးဘုရားကျောင်းတွေ ထဲက တစ်ခုအပါအဝင်လို့ သိရပါတယ်။

 

မင်းရပ် - ဂျာမေ့ဗဟိုဗလီကြီး

 

မြို့လယ်နားမှာပဲရှိနေတဲ့ ဂျာမေ့ ဗဟိုဗလီ ကြီးကတော့ မြစ်ကြီးနားမှာ အကြီးဆုံး ဗလီ ကြီးလို့ သိထားပါတယ်။ အနီးဝန်းကျင်မှာ ဆိုင်ခန်းလေးတွေနဲ့ စည်စည်ကားကားရှိပြီး စိတ်ဝင်တစား လေ့လာစရာတစ်ခုဖြစ်ပါတယ်။

 

ကချင်ပြည်နယ်ဒေသထွက်ကုန် အရောင်းစင်တာ

 

ဒီလိုနေရာမျိုးလေးတွေ နေရာတိုင်းမှာ ရှိစေချင်မိတယ်။ ဒါပေမယ့် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ဖြစ်စေချင်မိတယ်။ အမှတ်တရပစ္စည်းတွေ အရောင်းစင်တာ ကြီးတစ်ခုအသွင်နဲ့ ဆိုင်ခန်းများစွာ ရွေးဝယ်ဖို့ အဆင်ပြေလိုက်တာ။ ဒါတောင် ကျွန်တော် ရောက်သွားချိန်က ညပိုင်းဖြစ်နေတော့ ဆိုင်တချို့ ပိတ်ကုန်ပြီ။ ဒီတစ်နေရာတည်းတင် ကချင်ဒေသထွက် အဝတ်အထည်ကနေ ဆေးမြစ်၊ အစားအသောက်အထိ အစုံအလင် ရနေပါတယ်။ အရောင်းစင်တာကို အမြင် ကအစ ပြင်ဆင်လိုက်ရင် ပိုကောင်းမယ်လို့ ယူဆမိတယ်။ Tour ကားတွေ ရပ်လေ့ရှိတဲ့ နေရာတစ်ခုပါ။ (ဆက်လက်ဖော်ပြပါမည်)

 

မြန်မာ့အလင်း